အီတလီကို အမှုန့်ကြိတ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ သတိပေးလာတဲ့ ဒီလာဖူရန်တီ
စပိန်လက်ရွေးစင်နည်းပြ လူးဝစ် ဒီလာဖူရန်တီက အီတလီဟာ အဖွင့်ပွဲစဉ်မှာ အယ်လ်ဘေးနီးယားကို အနိုင်ယူပြီး ရမှတ်စုဆောင်းထားနိုင်ပေမယ့် သူ့အသင်းနဲ့ရင်ဆိုင်ရာမှာတော့ လွယ်ကူမှာ မဟုတ်ကြောင်း သတိပေးစကားဆိုလာခဲ့ပါတယ်။ အခုချိန်အထိတော့ အသင်းကိုပြင်ဆင်မှုမပြုလုပ်ရသေးပေမယ့် စပိန်ဟာ အီတလီကိုအမှုန့်ကြိတ်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ဖူရန်တီကပြောကြားခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖူရန်တီက “ကျွန်တော်တို့က အတားအဆီးမှန်သမျှကို ကျော်ဖြတ်ဖို့၊ သမိုင်းမှတ်တမ်းတစ်ခုကို ချန်ရစ်ခဲ့ဖို့ ပြင်ဆင်ထားပါတယ်။ အရာအားလုံးအတွက်အဆင်သင့်ဖြစ်နေပါပြီ။ အီတလီရဲ့ဘောလုံးကစားဟန်နဲ့ သူတို့က ဘယ်လောက်အထိ ပြိုင်ဆိုင်မှုပြင်းထန်တယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါ့ကြောင့် သူတို့ဘယ်လောက်ပဲ ကောင်းကောင်း အံ့အားသင့်စရာမရှိပါဘူး။ ကျွန်တော်တို့ကလည်း အားကောင်းလှပါတယ်ဆိုတဲ့အသင်းတွေကို အမှုန့်ကြိတ်ဖို့ကြိုးစားသွားမှာပါ။ ဒီပွဲက အုပ်စုအဆင့်မှာ အရေးကြီးဆုံးပွဲတစ်ပွဲပါ”လို့ ပြောကြားခဲ့ပါတယ်။
အုပ်စုအဖွင့်ပွဲမှာ ခရိုအေးရှားကို ၃-၀ နဲ့အနိုင်ရခဲ့တဲ့ စပိန်ဟာ ယခုပွဲစဉ်မှာ အီတလီကို ဆက်လက်အနိုင်ရခဲ့မယ်ဆိုရင်တော့ အုပ်စုပထမနဲ့ ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်ရောက်သွားနိုင်မှာဖြစ်ပါတယ်။ အုပ်စုအတွင်း ယမန်နေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ခရိုအေးရှားနဲ့ အယ်လ်ဘေးနီးယားတို့ရဲ့ပွဲစဉ်မှာတော့ ၂-၂ ဆိုတဲ့သရေ ရလဒ်သာ ထွက်ပေါ်ခဲ့တာကြောင့် ရမှတ်တစ်မှတ်စီသာ ရကြသေးပေမယ့် အဆိုပါ ၂ သင်းစလုံးကလည်း နောက်တစ်ဆင့်ကိုတက်ရောက်ဖို့ အခွင့်အရေးရှိနေဆဲဖြစ်ပါတယ်။
ယခုထိပ်တိုက်တွေ့ဆုံသွားမယ့် စပိန်နဲ့ အီတလီတို့ရဲ့ပွဲစဉ်ဟာ ၁၉၆၀ ခုနှစ်နောက်ပိုင်း ၈ ကြိမ်မြောက် တွေ့ဆုံမှုဖြစ်လာခဲ့ပြီး ဖူရန်တီက သူ့ရဲ့အသင်းဟာ ယခုနှစ်ယူရိုပြိုင်ပွဲမှာ ကွဲပြားခြားနားတဲ့ ကစားဟန်ကို အသုံးပြုနေကြောင်း ဝန်ခံထားပါတယ်။ စပိန်ဟာ ၂၀၀၈၊ ၂၀၁၂ ခုနှစ်တွေမှာ ယူရိုဖလားဆွတ်ခူးနိုင်ခဲ့တဲ့အပြင် ၂၀၁၀ ကမ္ဘာ့ဖလားကို ဆွတ်ခူးခဲ့ရာမှာ အသုံးပြုခဲ့တဲ့ တီကီတာကာ ကစားကွက်ကို ယခုနှစ်ယူရိုပြိုင်ပွဲမှာတော့ အသုံးချခြင်းမရှိဘဲ ဂိုးပေါက်သို့ အမြန်ရောက်စေတဲ့ နည်းစနစ်တွေကိုသာ ပြောင်းလဲအသုံးပြုလာတာဖြစ်ပါတယ်။
ဖူရန်တီက “ကျွန်တော်တို့က တစ်သင်းလုံးစိတ်တူကိုယ်တူရှိပါတယ်။ လူငယ်ကစားသမားလေးတွေ၊ နည်းပြသစ်တွေနဲ့ အသင်းက ဖွံ့ဖြိုးတိုးတက်နေပြီး ချဉ်းကပ်ပုံတွေကလည်း အပြိုင်အဆိုင်ပါပဲ။ သူတို့ကိုမြင်ရတာ ကိုယ့်ကိုယ်ကိုယ်မှန်ထဲမှာပြန်မြင်နေရသလိုပါပဲ။ အီတလီက ပြင်းထန်ပြီး ရန်လိုတတ်တဲ့အသင်း တစ်သင်းပါ။ သူတို့က ဘောလုံးပိုင်ဆိုင်မှုကိုအသားပေး ဆော့တတ်တာလည်းကျွန်တော်သိပါတယ်။ သူတို့က ကြမ်းကြမ်းတမ်းတမ်းဆော့တတ်တဲ့အသင်းပါ”လို့ ပြောကြားခဲ့ပါတယ်။
စပိန်အသင်းရဲ့လူစာရင်းကို ထုတ်ဖော်ပြောကြားလိုခြင်းမရှိခဲ့ပေမယ့် ဖူရန်တီက ပြီးခဲ့တဲ့ ခရိုအေးရှားနဲ့ပွဲစဉ်မှာ ဒဏ်ရာအနည်းငယ်ရခဲ့တဲ့ ရိုဒရီနဲ့ အသင်းခေါင်းဆောင် မိုရာတာတို့ဟာ အီတလီနဲ့ပွဲစဉ်အတွက် အဆင့်သင့်ဖြစ်နေပြီလို့ ပြောကြားခဲ့ပါတယ်။