The network connection is lost.

Banner Image

ဘာစီလိုနာအသင်းဆီ ပြန်သွားမှာ မဟုတ်ဘူးလို့ အပြတ်ငြင်းလိုက်တဲ့ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက အနာဂတ်ကာလ၊ တချိန်ချိန်မှာ ဘာစီလိုနာ အသင်းနည်းပြအဖြစ် နောက်တစ်ကြိမ်ပြန်လည်တာဝန်ယူသွားမယ့် အလားအလာတွေကို ပြတ်ပြတ်သားသားပယ်ချလိုက်ပါတယ်။ ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း မန်စီးတီးနဲ့စာချုပ်သက်တမ်းကုန်ဆုံးမယ့် ပက်ဂွါဒီယိုလာက ပြီးခဲ့တဲ့မေလအတွင်း လာမယ့်ဘောလုံးရာသီသစ်ဟာ သူ့ရဲ့အယ်တီဟတ်နည်းပြဘ၀ နောက်ဆုံးရာသီ ဖြစ်လာနိုင်တယ်လို့ အရိပ်အမြွက်ပြောဆိုခဲ့ပါတယ်။
 
ယမန်နေ့(တနင်္လာနေ့)မှာတော့ ဘာစီလိုနာဆီ ပြန်လာနိုင်ဖို့ ရှိသလားလို့ မေးမြန်းလာမှုကို ကတ္တလန်ကလပ်အတွက် လေးရာသီအတွင်း ဆုဖလား ၁၄ ခုအထိ ဆွတ်ခူးပေးခဲ့ဖူးတဲ့ ပက်ဂွါဒီယိုလာက “ဒီကိစ္စနဲ့ပတ်သက်လို့တော့ တံခါးတွေ ပိတ်ထားပြီးပါပြီ”လို့ ပြတ်ပြတ်သားသားပြောဆိုလိုက်ပါတယ်။ အသက်-၅၃ နှစ်အရွယ်နည်းပြက စပိန်နိုင်ငံ၊ ဂျီရိုနာမြို့မှာ နှစ်စဉ်ကျင်းပတဲ့ the Legends Trophy ဂေါ့ဖ်ပြိုင်ပွဲအတွက် သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း အခုလိုမျိုး ပြောဆိုလိုက်တာပါ။ ပက်က ဘာစီလိုနာအသင်း အရန်ခုံတန်းဆိုတာ အရှုပ်ထွေးဆုံးနေရာတွေအနက် တစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေရာမှာ ခင်ဗျားက ကိစ္စအများအပြားကို ကိုင်တွယ်စီမံပေးရလို့ ဖြစ်ပါတယ်။ မန်ချက်စတာမှာ အရာရာတိုင်းကို မပေါက်ကြားလာအောင် ကျွန်တော်တို့ ထိန်းသိမ်းနိုင်ပေမယ့် ဘာစီလိုနာမှာတော့ အရာရာတိုင်း ပြင်ပမှာ ထွက်ပေါ်လာလေ့ရှိပါတယ်”လို့ ပြောပါတယ်။
 
ဘာစီလိုနာကစားသမားဟောင်းက မန်စီးတီးကို သမိုင်းဝင်ဆုဖလားသုံးလုံး အောင်ပွဲ ရယူပေးခဲ့ပြီး နောက်တစ်ရာသီမှာပဲ စံချိန်တင်ပရီးမီးယားလိဂ်လေးရာသီဆက်ချန်ပီယံဖြစ်လာအောင် လမ်းပြပေးခဲ့ပါတယ်။ ဘာစီလိုနာကတော့ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီကို ဆုဖလားလက်မဲ့နဲ့ပဲ ရာသီသိမ်းခဲ့ပြီး မေလအတွင်းမှာ နည်းပြဇာဗီနေရာအတွက် ဟန်စီဖလစ်ခ်ကို အစားထိုးခန့်အပ်ခဲ့ပါတယ်။
 
ဇာဗီကတော့ ရာသီကုန်ဆုံးချိန် အသင်းရဲ့ဦးတည်ချက်ပြောင်းလဲလာမှုနဲ့အတူ ရာထူးမှ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဇာဗီက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်း စပိန်ကလပ်အသင်းကို တာဝန်ယူခဲ့ပြီး မကြာခဏဆိုသလို ပက်ဂွါဒီယိုလာနဲ့ နှိုင်းယှဉ်ခံခဲ့ရပါတယ်။
 
အခုလိုနှိုင်းယှဉ်မှုတွေနဲ့ပတ်သက်လို့ ပက်ဂွါဒီယိုလာက “သေချာတာကတော့ ဒီလိုနှိုင်းယှဉ်မှုတွေက ကျွန်တော့်ရဲ့အမှားမဟုတ်ပါဘူး။ ဘာစီလိုနာအသင်းကနေ ကျွန်တော်ထွက်ခွာလာတာ ၁၁ နှစ်၊ ၁၂ နှစ်လောက် ရှိပါပြီ။ ဒီအမြင်နဲ့ ပတ်သက်လို့လည်း ကျွန်တော့်မှာ မယုံသင်္ကာဖြစ်စရာ မရှိပါဘူး။ အခုလိုနှိုင်းယှဉ်မှုလုပ်နေသူတွေဆီကိုပဲ မေးကြည့်လိုက်ကြပါ။ ကျွန်တော် မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ဇာဗီအနေနဲ့ စိန်ခေါ်မှုအသစ်တစ်ခုကို ရှာဖွေရာမှာ အကောင်းဆုံးဖြစ်ပါစေလို့ပဲ ဆုတောင်းပေးပါတယ်”လို့ ဆိုပါတယ်။
 
ဇာဗီရဲ့နေရာဆက်ခံသူနဲ့ပတ်သက်လို့ ဂွါဒီယိုလာက ဘာစီလိုနာအသင်းရဲ့လက်ထဲမှာ အကောင်းဆုံးတွေ ရှိနေတယ်လို့ ယုံကြည်နေပါတယ်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း ဂျာမနီလက်ရွေးစင်အသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရတဲ့ ဟန်စီဖလစ်ခ်က အတိတ်မှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့အောင်မြင်မှုတွေကို ထုဆစ်ပေးခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
ဂျာမန်သားနည်းပြက ၂၀၂၁ ခုနှစ်၊ နွေရာသီကာလအတွင်း ဂျာမနီလက်ရွေးစင်အသင်းနည်ပြ ရာထူးကို လက်မခံမီ ၂၀၂၀ ပြည့်နှစ်၊ ဖလားသုံးလုံး အောင်မြင်မှုမှာ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ခဲ့သူဖြစ်ပါတယ်။
 
ပက်ဂွါဒီယိုလာက “ဟန်စီဖလစ်ခ်ကို ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလူသားဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ ကလပ်အသင်းသစ်တစ်ခုဆီ ရောက်ရှိသွားချိန်တိုင်းမှာ အမြဲတမ်းလိုလို အကူအညီလိုအပ်ပါတယ်။ ကလပ်အသင်းအတွင်းမှာပဲ ဒီလိုအကူအညီတွေနဲ့ ထောက်ခံမှုတွေရရှိအောင် ကြိုးစားသွားရပါတယ်။ ဖြည်းဖြည်းချင်းပဲ သွားရပါမယ်။ စက်တင်ဘာလ၊ အောက်တိုဘာလလောက်မှာ ချန်ပီယံမဖြစ်နိုင်ပါဘူး။ ဟန်စီဖလစ်ခ်က စိတ်ဆန္ဒတွေ အများကြီးရှိတဲ့ သာမန်ထက်ထူးကဲတဲ့လူသားတစ်ဦးပါ။ ဒါပေမယ့် သူ့အတွက် အချိန်လိုပါတယ်။ ဘိုင်ယန်မြူးနစ်မှာ သူလုပ်ပြခဲ့တဲ့အရာတွေက အံ့မခန်းပါပဲ။ သူအရာရာတိုင်းကို အနိုင်ရရှိခဲ့ပါတယ်”လို့ ပြောပါတယ်။
 
ဘာစီလိုနာက လာလီဂါပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်ရဲ့နောက် ဒုတိယနေရာဖြင့် ရာသီသိမ်းခဲ့ပါတယ်။ သူတို့ရဲ့မဟာပြိုင်ဘက်ကြီးကတော့ အသင်းလူစာရင်းကို ပိုတောင့်တင်းအောင် ပြင်သစ်ကြယ်ပွင့်အမ်ဘာပေနဲ့ အင်အားဖြည့်ထားပါတယ်။
 
ပက်ဂွါဒီယိုလာက “အမ်ဘာပေ ရှိရှိ၊ မရှိရှိ ရီးရဲလ်မက်ဒရစ်က အင်အားတောင့်တင်းပါတယ်။ သူတို့တွေက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အနိုင်ရကျော်ဖြတ်ဖို့ လိုအပ်တဲ့ပြိုင်ဘက်မျိုးဆိုတာ သံသယမရှိလိုက်ပါနဲ့။ ဒါကို လူတိုင်းလည်း သိပါတယ်။ သူတို့ရဲ့နောက်မှာရှိနေတဲ့ ကျွန်တော်တို့အားလုံးအတွက် သူတို့ကိုကျော်ဖြတ်နိုင်ဖို့ဆိုတဲ့ တွန်းအားတစ်ရပ်ရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ်က အရင်ကတည်းက အင်အားတောင့်တင်းခဲ့သလို နောက်ထပ်ခွန်အားတွေအများကြီးရှိတဲ့ ရှေ့တန်းတိုက်စစ်မှူးကိုလည်း ထပ်မံဖြည့်တင်းထားပါတယ်”လို့ ရှင်းပြပါတယ်။