
လိုင်ယွန်နဲ့ပွဲမှာ အိုနာနာကို ပြန်လည်အသုံးပြုသွားမယ်လို့ အာမိုရင်အတည်ပြု
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ယူရိုပါလိဂ်ပထမအကျော့ လိုင်ယွန်ကို ၂-၂ နဲ့သရေကျခဲ့တဲ့ပွဲစဉ်မှာ အမှားတွေပြုလုပ်ခဲ့တဲ့ အသင်းရဲ့ဂိုးသမား အန်ဒရေအိုနာနာကို ယုံကြည်ချက်ရှီနေဆဲဖြစ်ပြီး သောကြာနေ့နံနက်မှာ ယှဉ်ပြိုင်သွားမယ့် ဒုတိယအကျော့မှာ ပြန်လည်ပွဲထွက်ခွင့်ပြုသွားမယ်လို့ ပြောကြားလာခဲ့ပါတယ်။ပထမအကျော့မှာ ယူနိုက်တက်အနေနဲ့ အနိုင်ရဖို့နီးစပ်ခဲ့ပေမယ့် အိုနာနာရဲ့အမှားတွေကြောင့် ချေပဂိုး ၂ ဂိုးပြန်လည်ခွင့်ပြုခဲ့ရပြီး ပြင်သစ်မြေမှာ သရေရဒ်သာရရှိခဲ့ပါတယ်။
ဒါကြောင့် အာမိုရင်ဟာ တနင်္ဂနွေနေ့က နယူးကာဆယ်ကို ၄-၁ နဲ့အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အိုနာနာကို ချန်လှပ်ခဲ့ပြီး အယ်လ်တေးဘယင်ဒါကို ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုခဲ့တာဖြစ်ပါတယ်။ လိုင်ယွန်နဲ့ပွဲစဉ်မတိုင်မီ ယူနိုက်တက်ကွင်းလယ်လူဟောင်း နီမန်ဂျာမာတစ်က အိုနာနာဟာ ယူနိုက်တက်သမိုင်းတစ်လျှောက် အညံ့ဖျင်းဆုံးဂိုးသမားဖြစ်တယ်လို့ ဝေဖန်ခဲ့ပြီး အဆိုပါဝေဖန်မှုအပြီးမှာ အိုနာနာအနေနဲ့ အမှားတွေပြုလုပ်မိခဲ့တာလည်းဖြစ်ပါတယ်။
သို့သော်လည်း အာမိုရင်က “မနက်ဖြန်လိုင်ယွန်နဲ့ပွဲစဉ်ကို အိုနာနာကစားသွားမှာပါ။ နည်းပြတစ်ယောက်အနေနဲ့ရော၊ ဘောလုံးကစားသမားဟောင်းတစ်ယောက်အနေနဲ့ပါ ကျွန်တော့်အနေနဲ့ လက်ရှိအချိန်မှာ သူ့ကိုကူညီပေးသွားဖို့ ကြိုးစားရပါမယ်။များသောအားဖြင့် ကျွန်တော်တို့က ကစားသမားတွေရဲ့ ကိုယ်ကာယကြံ့ခိုင်မှုအပိုင်းကို အလေးထားကြပေမယ့် တစ်ခါတလေမှာ သူတို့ရဲ့စိတ်ဓာတ်ပိုင်းကိုလည်း အလေးထားပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သူ့ကို ယုံကြည်မှုပြန်လည်ရရှိစေဖို့ တည်ဆောက်ခွင့်ပြုသွားရပါမယ်။ ဒီပွဲမှာ သူ့ကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုသွားမှာပါ” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အာမိုရင်က အသင်းရဲ့တိုက်စစ်မှူး ဂျိုရှူးဝါးဇက်ခ်ဇီဟာ နယူးကာဆယ်နဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် ရာသီကုန်အထိအနားယူသွားရမယ်လို့ အသိပေးခဲ့ပါတယ်။ ပေါ်တူဂီသားနည်းပြက “ဇက်ခ်ဇီက ရာသီကုန်အထိ အနားယူသွားရမှာပါ။ သူ့ကို နောက်ရာသီအတွက်ပဲ ပြင်ဆင်ခွင့်ပေးသွားတော့မှာပါ။ သူ့ကိုယ်သူ သက်သေပြနိုင်ချိန်မှာ အခုလိုရပ်တန့်သွားလို့ သူ့အတွက်တော့ ခက်ခဲမှာပါပဲ” လို့ပြောကြားခဲ့ပါတယ်။