The network connection is lost.

Banner Image

အပြောင်းအရွှေ့နောက်ဆုံးနေ့ရက်မှာ ပွဲကစားခဲ့ရတဲ့အပေါ် အပြစ်တင်လာတဲ့ မာရက်စ်ကာ

ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက အပြောင်းအရွှေ့နောက်ဆုံးနေ့ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းနဲ့ကစားခဲ့ရတဲ့အပေါ် အပြစ်တင်ပြောကြားလာခဲ့ပြီး အဆိုပါပွဲစဉ်မှာ အသင်းရဲ့တိုက်စစ်မှူးတွေဖြစ်တဲ့ နီကိုလက်စ်ဂျက်ဆန်နဲ့ မာ့ခ်ဂွီယူတို့ ဒဏ်ရာပြဿနာကိုယ်စီကြုံတွေ့ခဲ့ပါတယ်။ 

မာရက်စ်ကာက ပရီးမီးယားလိဂ်ရဲ့ ပွဲအချိန်ဇယားအပေါ် အပြစ်တင်လာခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့နောက်ဆုံးနေ့ရက်မှာကစားခဲ့ရလို့ ဒဏ်ရာရသွားတဲ့ တိုက်စစ်မှူး ၂ ဦးနေရာမှာ ကစားသမားသစ်အစားထိုးဖို့ အစီအစဉ်မဆွဲနိုင်ခဲ့ဘူးလို့ဆိုပါတယ်။ အဆိုပါပွဲစဉ်မှာ ချဲလ်ဆီးဟာ ဝက်စ်ဟမ်းကို ၂-၁ နဲ့အနိုင်ခဲ့ပေမယ့် တိုက်စစ်မှူး ၂ ဦးစလုံးဒဏ်ရာရခဲ့တာကြောင့် ပေးဆပ်မှုကြီးမားခဲ့ပါတယ်။ 

ဂျက်ဆန်အနေနဲ့ ဒဏ်ရာပြင်းထန်တာကြောင့် နိုင်ငံပွဲစဉ်တွေကျင်းပသွားမယ့် မတ်လအထိ အနားယူသွားရမှာဖြစ်ပြီး ဂွီယူရဲ့ဒဏ်ရာအခြေအနေကတော့ အတိအကျမသိရသေးပါဘူး။ ချဲလ်ဆီးဟာ အသင်းမှာတိုက်စစ်မှူးတွေရှိနေတာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းခဲ့ခြင်းမရှိပေမယ့် အပြောင်းအရွှေ့ရဲ့နောက်ဆုံးနေ့ရက်မှာပဲ တိုက်စစ်မှူး ၂ ဦးစလုံး တပြိုင်နက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ 

ဒါ့အပြင် ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းတို့ပွဲစဉ်ဟာ အပြောင်းအရွှေ့ကာလရဲ့နောက်ဆုံးနေ့ရက်မှာကစားခဲ့ရတဲ့ ဥရောပရဲ့ တစ်ပွဲတည်းသော ပွဲစဉ်လည်းဖြစ်ခဲ့ပါတယ်။ ယခုအခါမှာ မာရက်စ်ကာက "ဒါက တကယ်အမှားကြီးပါ။ ကျွန်တော်တို့ ဒီဒဏ်ရာတွေအတွက် အစီအစဉ်မဆွဲနိုင်ခဲ့ပါဘူး။ အပြောင်းအရွှေ့နောက်ဆုံးနေ့ရက်မှာကစားခဲ့ရလို့ပါ။ ကျွန်တော်တို့က ပွဲကို ည ၁၀ နာရီမှာပြီးခဲ့ပေမယ့် အပြောင်းအရွှေ့နောက်ဆုံးအချိန်က ည ၁၁ နာရီအထိပါပဲ။တိုက်စစ်မှူး ၂ ဦး ၁ ပွဲတည်းမှာ တပြိုင်နက်ဒဏ်ရာရခဲ့ပေမယ့် သူတို့နေရာမှာ အစားထိုးနိုင်ဖို့ ကစားသမားသစ်ခေါ်ယူချိန်မရခဲ့ပါဘူး"

"ဒါက မဖြစ်နိုင်တဲ့ကိစ္စဖြစ်ပေမယ့် ဖြစ်ပြီးသွားခဲ့ပါပြီ။ အဖြေရှာဖို့လိုအပ်နေပေမယ့် နံပါတ် ၉ နေရာအတွက်က ကစားသမားသစ်ခေါ်ယူဖို့ အချိန်မရှိတော့ပါဘူး။ ကျွန်တော်တို့မှာ အစီအစဉ်ဆွဲဖို့လည်း အခက်ကြုံခဲ့ရပါတယ်" လို့ပြောကြားခဲ့ပါတယ်။ ဒဏ်ရာပြဿနာတွေရှိနေပေမယ့် မာရက်စ်ကာက ချဲလ်ဆီးဟာ တိုက်စစ်နေရာမှာ အင်အားဖြည့်တင်းဖို့ ကစားသမားသစ်တွေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူဖို့မရှိကြောင်း အတည်ပြုထားခဲ့ပါတယ်။ ဒါ့အပြင် အပြောင်းအရွှေ့နောက်ဆုံးနေ့ရက်မှာ အသင်းရဲ့တိုက်စစ်မှူး ဂျာအိုဖီးလစ်ကို အေစီမီလန်သို့ အငှားနဲ့စေလွှတ်မိခဲ့တဲ့အပေါ်လည်း နောင်တမရဘူးလို့ဆိုပါတယ်။ 

အီတလီသားနည်းပြက "ကျွန်တော်တို့က ဆုံးဖြတ်ချက်တစ်ခုကို ၁ ရက် ဒါမှမဟုတ် ၁ ပတ်လောက်နဲ့ ချမှတ်နေတာမဟုတ်ပါဘူး။ မတူညီတဲ့အကြောင်းအရာတွေအပေါ်မူတည်ပြီး ဆုံးဖြတ်ချက်တွေကို သေချာချမှတ်ရပါတယ်။ ဖီးလစ်က မီလန်မှာပျော်ရွှင်နေပါတယ်။ ဒီအတွက် ကျွန်တော်တို့ ကျေနပ်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။