ပေါ်တူဂီနဲ့ပွဲစဉ်က ပြိုင်ဆိုင်မှုအလွန်ပြင်းထန်လိမ့်မယ်လို့ ခန့်မှန်းပြောကြားလာတဲ့ ဒက်စ်ချမ့်စ်
ပြင်သစ် လက်ရွေးစင် အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်မှာ ပေါ်တူဂီနဲ့ ထိပ်တိုက်တွေ့ဆုံနေတာကြောင့် အသင်းနည်းပြ ဒီဒီယာဒက်စ်ချမ့်စ်က ယခုပွဲစဉ်ဟာ ပြိုင်ဆိုင်မှုအလွန်ပြင်းထန်လိမ့်မယ်လို့ ခန့်မှန်းပြောကြားလာခဲ့ပါတယ်။
ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒက်စ်ချမ့်စ်က “ပြိုင်ပွဲအစမှာ ပေါ်တူဂီက ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး အသင်းတွေထဲမှာပါဝင်ပြီး သူတို့ဟာ ဒီဆုဖလားကိုဆွတ်ခူးနိုင်ဖို့ လုံလောက်တဲ့အင်အားရှိတာကြောင့် မျှော်လင့်ချက်ကိုလည်း ခိုင်ခိုင်မာမာထားနိုင်ပါတယ်။ ဒီပွဲက ပြိုင်ဆိုင်မှုအရမ်းပြင်းထန်မှာပါ။ ရှင်းရှင်းလေးပါပဲ။ ပေါ်တူဂီက ဘောလုံးပိုင်ဆိုင်မှုကို အသားပေးဆော့တတ်ပြီး ခံစစ်ထက် တိုက်စစ်ကစားရတာကို ပိုကြိုက်တဲ့အသင်းဖြစ်နေလို့ပါ”လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ပေါ်တူဂီဟာ နယ်သာလန်နဲ့ ဘယ်လ်ဂျီယံတို့လိုဖြစ်လာနိုင်ကြောင်းကို ဒက်စ်ချမ့်စ်က “ကျွန်တော်တို့ နယ်သာလန်နဲ့ကစားတဲ့အခါ သူတို့က ကျွန်တော်တို့ကို ပုံမှန်ထက်ပိုပြီး အတော်လေးသတိကြီးကြီးထားပြီးကစားခဲ့ရတယ်လို့ထင်ပါတယ်။ ဘယ်လ်ဂျီယံနဲ့ပွဲမှာလည်း အတူတူပဲလို့ပြောလို့ရပါတယ်။ ဒါကြောင့် ပေါ်တူဂီလည်း ဒီလိုမျိုးဖြစ်လာနိုင်ပါတယ်” “ပေါ်တူဂီနည်းပြ ရော်ဘတ်တိုမာတီနက်ဇ်က သူ့ရဲ့ကစားပုံကို အမျိုးမျိုးပြောင်းပြီး ကျွန်တော်တို့ကို တုန်လှုပ်စေနိုင်ပါတယ်။ သူက တစ်ခါတလေမှာ နောက်တန်း ၃ ယောက်တွဲနဲ့ကစားပြီး တစ်ခါတလေမှာတော့ နောက်ထပ်နောက်တန်းတစ်ယောက်ထပ်ထည့်လေ့ရှိပါတယ်။ တကယ်လို့ သူတို့ရဲ့ ကစားပုံနဲ့ပတ်သက်ပြီး တစ်ခုခုကြားမိရင် ကျွန်တော်တို့ကိုပြောပါဦး” လို့ အရွှန်းဖောက်ပြောကြားခဲ့ပါတယ်။
ဒက်စ်ချမ့်စ်က ပြင်သစ်ရဲ့အဓိက တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ကီလီယန်အမ်ဘာပေနဲ့ ဂရစ်ဇ်မန်းတို့ရဲ့ယခုနှစ်ယူရိုပြိုင်ပွဲအတွင်း စွမ်းဆောင်ရည်ကျဆင်းမှုနဲ့ပတ်သက်ပြီး ကာကွယ်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။
အသက်-၅၅ နှစ်အရွယ်နည်းပြက “အမ်ဘာပေက ပြိုင်ပွဲမတိုင်ခင် ပြင်ဆင်မှုလုပ်နေတဲ့အချိန်မှာပဲ ပြဿနာရှိနေခဲ့ပြီး ပြိုင်ပွဲထဲမှာတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ပါတယ်။ အခုချိန်မှာတော့ သူအတော်လေးပြန်ကောင်းလာပြီး ပေါ်တူဂီနဲ့ပွဲမှာ သူ့ကို ကျွန်တော်တို့လိုအပ်ပါတယ်။ ဂရစ်ဇ်မန်းကတော့ ပြင်းပြင်းထန်ထန်ကြိုးစားအားထုတ်နေပါတယ်။ နည်းစနစ်ပိုင်းမှာတော့ သူ့အနေနဲ့ ကြိုးစားသလောက် မထိရောက်သေးပါဘူး။ ဒါပေမယ့် သူကစိတ်ဓာတ်လုံးဝမကျပါဘူး။ ကျွန်တော်အာမခံပါတယ်။ မနက်ဖြန်မှာတော့ သူတို့ ၂ ယောက်စလုံးက အသင်းအတွက် မရှိမဖြစ်လိုအပ်လာမှာပါ”လို့ ပြောကြားခဲ့ပါတယ်။