The network connection is lost.

Banner Image

အိုနာနာကို ထရက်ဘ်ဇွန်စပေါ်ထံအငှားချခဲ့ပေမဲ့ငွေကြေးအကျိုးအမြတ်ရရှိသွားမှာမဟုတ်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့ဂိုးသမား အန်ဒရေအိုနာနာကို တူရကီကလပ် ထရက်ဘ်ဇွန်စပေါထံ အငှားချခဲ့ပေမယ့် ငွေကြေးပိုင်းဆိုင်ရာ အကျိုးအမြတ်တစ်စုံတစ်ရာရရှိသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ အငှားစာချုပ်ထဲမှာ အပြီးသတ်ဝယ်ယူခွင့်လည်းမပါတာကြောင့် အိုနာနာအနေနဲ့ တူရကီမှာ တစ်ရာသီကြာနေထိုင်ပြီးပါက အိုးလ်ထရက်ဖို့ဒ်သို့ ပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်။ ကင်မရွန်းသားအနေနဲ့ ယူနိုက်တက်သို့ပြန်လာပါက နေရာပြန်ရဖို့အတွက် ထရက်ဘ်ဇွန်စပေါမှာ ထိပ်တန်းလက်စွမ်းပြန်လည်ရရှိအောင် ကြိုးစားသွားရမှာဖြစ်ပါတယ်။

ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း အိုနာနာရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ထင်ကြေးပေးမှုတွေ အမျိုးမျိုးထွက်ပေါ်ခဲ့ပြီး ယခုအခါမှာ‌တော့ ယူနိုက်တက်နဲ့ လမ်းခွဲရဖို့ဖြစ်လာခဲ့ပါတယ်။ သို့သော်လည်း ကင်မရွန်းလက်ရွေးစင်ဟာ ယူနိုက်တက်နဲ့အပြီးသတ်လမ်းခွဲတာမဟုတ်လို့ ပရီးမီးယားလိဂ်လို့ ပြန်လည်ရောက်ရှိလာဖို့ အခွင့်အရေးရှိနေဆဲဖြစ်ပါတယ်။

အိုနာနာဟာ ယူနိုက်တက်မှာနေထိုင်ခဲ့တဲ့ ၂ ရာသီတာကာလအတွင်း သိသာထင်ရှားတဲ့အမှားပေါင်းများစွာပြုလုပ်ခဲ့သလို၊ တသမတ်တည်းဖြစ်တဲ့ စွမ်းဆောင်ရည်မျိုးလည်း ပြသနိုင်ခဲ့ခြင်းမရှိဘဲ ပရိသတ်ဝေဖန်မှုတွေနဲ့ ဆက်တိုက်ကြုံတွေ့ခဲ့ရပါတယ်။ ယူနိုက်တက်ဟာ အိုနာနာကို ၂၀၂၃ ခုနှစ်မှာ အင်တာမီလန်မှ ပြောင်းရွှေ့ကြေးပေါင် ၄၈ သန်းနဲ့ဝယ်ယူခဲ့တာဖြစ်ပါတယ်။ 

အိုနာနာရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ရိုမာနိုက "အိုနာနာဟာ လာမယ့် ၂၄ နာရီအတွင်းမှာပဲ သူ့ရဲ့အေးဂျင့်နဲ့အတူ တူရကီသို့ထွက်ခွာတော့မှာဖြစ်ပါတယ်။ ထွက်ခွာမယ့်အစီအစဉ်ကို အတည်ပြုပြီးဖြစ်ပါတယ်။ ကစားသမားဟာ ထရက်ဘ်ဇွန်စပေါမှာ ၂၀၂၆ ခုနှစ်၊ ဇွန်လကုန်အထိ နေထိုင်သွားမှာဖြစ်ပြီး ယူနိုက်တက်အနေနဲ့ အငှားချမှုမှ ငွေကြေးအကျိုးအမြတ်ရရှိသွားမှာမဟုတ်ပါဘူး" လို့ဖော်ပြထားပါတယ်။ 

အိုနာနာထွက်ခွာသွားပေမယ့် ယူနိုက်တက်ဟာ ဂိုးသမားသစ် ဆန်နီလမ်မန်းစ်ကို ခေါ်ယူထားပြီးဖြစ်တာကြောင့် လာမယ့်တနင်္ဂနွေနေ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ ဘယ်လ်ဂျီယံသားကို ပထမဆုံးအကြိမ် ပွဲထုတ်သွားဖွယ်ရှိပါတယ်။