ဝုဗ်ကွင်းလယ်လူဟောင်း ရူဘင်နီဗက်စ်ကိုခေါ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်နေတဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းရဲ့ကွင်းလယ်ပိုင်းကို အဓိကအင်အားဖြည့်တင်းဖို့ပြင်ဆင်နေပြီး ယခုအခါမှာတော့ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်မှာကစားနေတဲ့ ဝုဗ်ကွင်းလယ်ကြယ်ပွင့်ဟောင်း ရူဘင်နီဗက်စ်ကိုခေါ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
နီဗက်စ်ဟာ လာမယ့်နွေရာသီမှာ အယ်လ်ဟီလယ်နဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တာကြောင့် ယူနိုက်တက်အနေနဲ့ လာမယ့်ဇန်နဝါရီ ဒါမှမဟုတ် နွေရာသီမှာအလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူနိုင်ဖို့ ကစားသမားထံ အလွတ်သဘောနဲ့ ဖုန်းဆက်ဆွေးနွေးခဲ့တယ်လို့ နာမည်ကျော်ဂျာနယ်လစ် ဘင်ယာကော့စ်က ဆိုပါတယ်။
နီဗက်စ်အနေနဲ့လည်း အသက်-၂၈ နှစ်အရွယ်သာရှိသေးသလို၊ အယ်လ်ဟီလယ်အတွက်ကစားပေးထားတဲ့ ပြိုင်ပွဲစုံ ၁၁၄ ပွဲမှာ ၁၄ ဂိုးသွင်းပြီး တည်ငြိမ်တဲ့ခြေစွမ်းကို ဆက်လက်ပြသထားနိုင်ဆဲဖြစ်ပါတယ်။ လောလောဆယ်အထိတော့ နီဗက်စ်အနေနဲ့ ယူနိုက်တက်သို့ပြောင်းရွှေ့ဖို့အတွက် တစ်စုံတစ်ရာတုံ့ပြန်ထားခြင်းမရှိသေးသလို၊ အင်္ဂလန်သို့ပြန်လာဖို့အတွက်လည်း မဆုံးဖြတ်ရသေးပါဘူး။
တစ်ချိန်တည်းမှာပဲ နီဗက်စ်ဟာ ဆော်ဒီမြေကို ၂၀၂၃ ခုနှစ်ကတည်းက ထွက်ခွာသွားခဲ့တာဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသမှာ သူ့မိသားစုကလည်း အတော်လေး အသားကျနေပြီဖြစ်တာကြောင့် အင်္ဂလန်သို့ပြန်လည်ပြောင်းရွှေ့လာဖို့ ခက်ခဲနိုင်တယ်လို့သိရပါတယ်။
လာမယ့်နွေရာသီ အယ်လ်ဟီလယ်နဲ့စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာတော့ နီဗက်စ်အနေနဲ့ ဆော်ဒီအာရေဗျကိုစွန့်ခွာနိုင်ချေရှိပေမယ့် ဇန်နဝါရီအတွင်းမှာတော့ အပြောင်းအရွှေ့ပြုလုပ်ဖို့ မသေချာသေးဘူးလို့ ယူဆရပါတယ်။ ပေါ်တူဂီကွင်းလယ်လူဟာ ယခင်က ဝုဗ်အတွက် ပြိုင်ပွဲစုံ ၂၅၃ ပွဲအထိကစားခဲ့သူဖြစ်လို့ ပရီးမီးယားလိဂ်မှာအသားကျဖို့အတွက်တော့ အချိန်ယူဖို့မလိုအပ်တဲ့အခြေအနေမှာရှိနေပါတယ်။
နီဗက်စ်ဟာ ဝုဗ်အတွက် ပရီးမီးယားလိဂ် ၁၇၇ ပွဲကစားပြီး ဂိုး ၃၀ သွင်းယူကာ ဂိုးဖန်တီးမှု ၁၃ ကြိမ်ပြုလုပ်ထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ဒါကြောင့် ကွင်းလယ်ပိုင်းမှာလိုအပ်ချက်ရှိနေတဲ့ ယူနိုက်တက်အနေနဲ့ ဇန်နဝါရီမှာ နီဗက်စ်ကိုခေါ်ယူသွားနိုင်မလားဆိုတာ ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။