ဘဏ္ဍာရေးပြဿနာတွေကြောင့် ဂါနာချိုနဲ့ မိုင်နူးတို့ကို ရောင်းထုတ်ရနိုင်တဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ဟာ ဘဏ္ဍာရေးအကြပ်အတည်းတွေကြောင့် အသင်းရဲ့အကယ်ဒမီထွက် လူငယ်ကြယ်ပွင့်ကစားသမားလေးတွေဖြစ်တဲ့ အလီဂျန်ဒရိုဂါနာချိုနဲ့ ကိုဘီမိုင်နူးတို့ကို ယခုဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာပဲ ရောင်းချရနိုင်ချေရှိတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။
Daily Mail ရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ ဘဏ္ဍာရေးအခြေအနေ ထိန်းညှိနိုင်ရေးအတွက် ဖိအားအလွန်များနေတယ်လို့သိရပြီး အသင်းရဲ့အကယ်ဒမီထုတ်ကုန်တွေကို ရောင်းချကာ အသားတင်အမြတ်ငွေရှာဖွေဖို့လိုအပ်နေတာဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ ဂါနာချိုနဲ့ မိုင်နူးတို့ကိုရောင်းချပါက ၂ ယောက်ပေါင်း ပေါင်သန်း ၇၀ ဝန်းကျင်အထိရရှိသွားနိုင်တာဖြစ်ပါတယ်။
The Atheletic နဲ့ The Guardian တို့ကလည်း ယူနိုက်တက်ဟာ အဆိုပါကစားသမား ၂ ဦးသာမက တိုက်စစ်မှူး ရက်စ်မွတ်စ်ဟွိုက်လန်းကိုလည်း ရောင်းချဖို့ပြင်ဆင်လာနိုင်ချေရှိတယ်လို ဖော်ပြထားကြပါတယ်။ တစ်ချိန်က ယူနိုက်တက်ရဲ့အနာဂတ်လို့ ထင်မြင်ခဲ့ကြတဲ့ ဂါနာချိုဟာ ယခုအခါမှာတော့ နည်းပြရူဘင်အာမိုရင်ရဲ့ ၃-၄-၃ ကစားကွက်မှာ အံဝင်ခွင်ကျဖြစ်ဖို့ ရုန်းကန်နေရပြီး နောက်ဆုံး ၅ ပွဲဆက်တိုက် ပွဲထွက်လူစာရင်းမှာ ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။ ဒါကြောင့် အာဂျင်တီးနားလက်ရွေးစင်အနေနဲ့ အိုးလ်ထရက်ဖို့ဒ်ကနေထွက်ခွာပြီး အသင်းသစ်မှာ ပုံမှန်ခြေစွမ်းကိုပြန်လည်ထိန်းသိမ်းဖို့ ကြိုးစားလာနိုင်ချေရှိပါတယ်။
တစ်ချိန်တည်းမှာလည်း မိုင်နူးကလည်း ချဲလ်ဆီးအပါအဝင် ဥရောပထိပ်သီးကလပ်တွေရဲ့ ပစ်မှတ်ဖြစ်နေပြီး ယူနိုက်တက်နဲ့ စာချုပ်စာတမ်းကိစ္စတွေမှာ အဆင်မပြေဖြစ်နေသူဖြစ်ပါတယ်။ အသက်-၁၉ နှစ်အရွယ်ကွင်းလယ်လူဟာ တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းတန်ကြေးရှိစာချုပ်မျိုးကို အလိုရှိနေပြီး ယူနိုက်တက်ကတော့ လောလောဆယ်မှာ ပေးချေနိုင်ခြင်းမရှိသေးပါဘူး။
ယူနိုက်တက်အနေနဲ့ ယခုဆောင်းရာသီဈေးကွက်မှာ ရက်ရှ်ဖို့ဒ်၊ ကတ်စ်မဲရိုးနဲ့ အန်တိုနီတို့ကလည်းရောင်းချဖို့ပြင်ဆင်နေတာဖြစ်ပြီး အဆိုပါကစားသမားတွေကို ရောင်းချမှုမှ လုံလောက်တဲ့ငွေကြေးပမာဏမရရှိဘူးဆိုရင်တော့ မိုင်နူးကိုပါလက်လွှတ်သွားရဖွယ်ရှိနေပါတယ်။