
ဗလန်တင်မ်ကို လက်ထောက်နည်းပြအဖြစ်ခန့်အပ်ဖို့ ယူနိုက်တက်ထံ အာမိုရင်တောင်းဆို
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်ဟာ မကြာသေးမီက ဘရာဂါမှထွက်ခွာလာခဲ့တဲ့ နည်းပြအကာစီယိုဗလန်တင်မ်ကို လက်ထောက်နည်းပြအဖြစ်ခန့်အပ်ဖို့ အသင်းထံတောင်းဆိုထားတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ပေါ်တူဂီသတင်းတွေအရ ယခုအခါမှာတော့ ယူနိုက်တက်ဟာ ဗလန်တင်မ်ကိုခေါ်ယူဖို့ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နေပြီး အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ အလားအလာရှိနေတယ်လို့သိရပါတယ်။အသက်-၄၉ နှစ်အရွယ် ဗလန်တင်မ်ကို အာမိုရင်ကိုယ်တိုင် ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ထားပြီး အိုးလ်ထရက်ဖို့ဒ်သို့ခေါ်ယူနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
အာမိုရင်ဟာ ယူနိုက်တက်သို့စတင်ရောက်ရှိလာပြီးကတည်းက အသင်းရဲ့လက်ထောက်နည်းပြတွေအားလုံးကို သူ့ရဲ့လက်ထောက်နည်းပြတွေနဲ့ ပြန်လည်အစားထိုးခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ နောက်ထပ်နည်းပြတစ်ယောက်နဲ့ သူ့ရဲ့လူအင်အားကိုထပ်မံအင်အားတောင့်တင်းစေတော့မှာဖြစ်ပါတယ်။ ဗလန်တင်မ်ဟာ ဘရာဂါသို့မရောက်ခင်က ရှန်ဟိုင်းSIPG အသင်းမှာ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးပြီး ယခုအခါမှာတော့ အင်္ဂလန်သို့ရောက်ရှိဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ လက်ရှိအချိန်အထိတော့ ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ယူနိုက်တက်ဘက်က သဘောတူညီမှုရရှိမယ်လို့ အခိုင်အမာယုံကြည်နေတယ်လို့သိရပါတယ်။
သဘောတူညီမှုရရှိခဲ့ပါက ယူနိုက်တက်အနေနဲ့ ပြီးခဲ့တဲ့ရာသီကကျရှုံးမှုတွေကို အင်အားတောင့်တင်းတဲ့နည်းပြအဖွဲ့နဲ့အတူ လာမယ့် ၂၀၂၅-၂၆ ရာသီမှာ အသင်းအတွက် အောင်မြင်မှုတွေ ပြန်လည်ဆွတ်ခူးပေးသွားနိုင်မလား စောင့်ကြည့်ရပါမယ်။