
ဂရင်းစ်ဘီကိုရှုံးနိမ့်ပြီးနောက် ယူနိုက်တက်ပရိသတ်တွေကို အာမိုရင်တောင်းပန်
ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်ဖလား ဒုတိယအဆင့်ပွဲစဉ်မှာ အင်္ဂလန်လိဂ်(၂) ကလပ် ဂရင်းစ်ဘီကို ပင်နယ်တီအဆုံးအဖြတ်နဲ့ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးနောက် မန်ချက်စတာယူနိုက်တက်နည်းပြရူဘင်အာမိုရင်က အသင်းပရိသတ်တွေကို တောင်းပန်စကားဆိုလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ယူနိုက်တက်ဟာ ပထမပိုင်းအတွင်း ဂရင်းစ်ဘီရဲ့ ၂-၀ နဲ့ဦးဆောင်ခြင်းကိုခံခဲ့ရပေမယ့် ဒုတိယပိုင်းမှာ ချေပဂိုးတွေပြန်လည်သွင်းယူနိုင်ခဲ့တာကြောင့် ၂-၂ ဆိုတဲ့သရေရလဒ်ကို ပြန်လည်ဖော်ဆောင်နိုင်ခဲ့ပါတယ်။သို့သော်လည်း ပင်နယ်တီအဆုံးအဖြတ်မှာတော့ ကစားသမားသစ်တွေဖြစ်တဲ့ မားသီးယက်စ်ကွန်ဟာ၊ ဘရိုင်ယန်အမ်ဘွေမိုတို့ရဲ့လွဲချော်မှုတွေကြောင့် ယူနိုက်တက်ဟာ ၁၂-၁၁ ဆိုတဲ့ရလဒ်နဲ့ ဂရင်းစ်ဘီကိုရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။
ပွဲအပြီးမှာတော့ အာမိုရင်က "ကျွန်တော်တို့ အဘက်ဘက်မှာ ကျရှုံးခဲ့ပါတယ်။ ပွဲအစကတည်းက ကစားပုံမကောင်းခဲ့ဘဲ၊ အရေးကြီးတဲ့အချိန်ကျမှ ဒီလိုရှုံးပွဲကြုံခဲ့ရပါတယ်။ ကျွန်တော်တို့ ဒီထက်အများကြီးပိုကောင်းအောင် လုပ်နိုင်ခဲ့သင့်ပါတယ်။ ပရိသတ်တွေကို တောင်းပန်ပါတယ်ဆိုတဲ့စကားကလွဲပြီး အခြားပြောစရာမရှိပါဘူး"
"ဒီနေ့မှာ ကစားသမားတွေ ဘာတွေဖြစ်ချင်ကြတယ်ဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။ လာမယ့်ပွဲစဉ်ကိုပဲ အာရုံစိုက်သွားတော့မှာဖြစ်ပြီး နိုင်ငံတကာပွဲစဉ်တွေကျင်းပချိန်မှာတော့ အနာဂတ်အကြောင်းကို စဉ်းစားသွားရပါမယ်။ ပင်နယ်တီမှာရှုံးတယ်ဆိုတာ သိပ်တော့မထူးပါဘူး။ ရှုံးတာကရှုံးတာပါပဲ။ ပိုကောင်းတဲ့အသင်းက အနိုင်ရသွားတာပါပဲ" လို့ပြောကြားခဲ့ပါတယ်။
ကာရာဘောင်ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်လို့ ဒီရာသီမှာ ယူနိုက်တက်အတွက် နောက်ထပ်မျှော်လင့်စရာဆုဖလားကတော့ အက်ဖ်အေဖလားသာ ကျန်ရှိတော့တာဖြစ်ပါတယ်။ ဆက်လက်ပြီး ပေါ်တူဂီသားနည်းပြက "ကျွန်တော်က အသင်းရဲ့မန်နေဂျာပါ။ အသင်းမှာဘာတွေဖြစ်နေလဲ နားလည်ဖို့လိုပါတယ်။ နောက်ထပ်တစ်ကြိမ် ပရိသတ်တွေကို တောင်းပန်ပါတယ်။ လာမယ့်ပွဲစဉ်ကိုပဲ အာရုံစိုက်သွားရမှာဖြစ်ပြီး အဲဒီပွဲက ရလဒ်တစ်ခုတည်းကောင်းနေလို့မရပါဘူး။ ကျွန်တော်တို့တူညီတဲ့အမှားတွေကို ထပ်ကာထပ်ကာလုပ်ပြီးသွားပါပြီ"
"အသင်းကို သိသိသာသာကြီးပြောင်းလဲဖို့က အချိန်ခဏလေးနဲ့မရပါဘူး။ အရာရာတိုင်းကို နွေရာသီတစ်ခုတည်းနဲ့ ပြောင်းလဲဖို့က မဖြစ်နိုင်ပါဘူး။ ပွဲစဉ်တွေအနိုင်ရဖို့လိုသလို၊ စွမ်းဆောင်ရည်ကောင်းကိုလည်း ပြသဖို့လိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ယူနိုက်တက်ဂိုးသမား အိုနာနာဟာလည်း လက်စွမ်းပြသနိုင်ခဲ့ခြင်းမရှိဘဲ ပင်နယ်တီတစ်ကြိမ်သာကာကွယ်နိုင်ခဲ့တာကြောင့် ပရိသတ်ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ အိုနာနာနဲ့ပတ်သက်ပြီး အာမိုရင်က "ဒီပွဲက အိုနာနာတစ်ယောက်တည်းကြောင့်ရှုံးတာမဟုတ်ပါဘူး။ ကစားသမားတွေအပေါ်မှာ လေးစားမှုရှိရပါမယ်။ ကျွန်တော်ပြောပြီးသားပါ။ ပိုကောင်းတဲ့အသင်းက အနိုင်ရတာပါပဲ။ ဂိုးသမားနဲ့မဆိုင်ပါဘူး။ ဒီထက်ပိုတဲ့ အခြားအကြောင်းအရာတွေရှိနေပြီးသားပါ" လို့ပြောကြားခဲ့ပါတယ်။