
မာတီနက်ဇ်ရဲ့ဒဏ်ရာ အလွန်ပြင်းထန်ကြောင်း အသိပေးလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ယမန်နေ့ညက ခရစ္စတယ်ပဲလေ့စ်ကို ၀-၂ နဲ့ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ အသင်းရဲ့နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်တစ်ယောက် အလွန်ပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့တာကြောင့် ကာလရှည်အနားယူသွားရမယ်လို့ အသိပေးပြောကြားလာခဲ့ပါတယ်။
အာဂျင်တီးနားလက်ရွေးစင်ဟာ ပွဲကစားချိန် ၇၈ မိနစ်လောက်မှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး ကွင်းထဲမှာ အချိန်အတော်ကြာ ဆေးကုသခံမှုခံခဲ့ရကာ ၈၂ မိနစ်အရောက်မှာတော့ အသင်းဖော်နောက်ခံလူ ဒီလစ်ချ်နဲ့ လူစားလဲခံခဲ့ရပါတယ်။ အေဂျက်စ်ကစားသမားဟောင်းဟာ ယူနိုက်တက်သို့စတင်ရောက်ရှိလာတဲ့ ၂၀၂၂ ခုနှစ်ကတည်းက ဒဏ်ရာပြဿနာအချို့နဲ့ ရင်ဆိုင်နေခဲ့ရတာဖြစ်ပြီး ယခုအခါမှာလည်း နောက်ထပ် ကာလရှည်အနားယူသွားရဖွယ်ရှိပါတယ်။
အာမိုရင်က “လီချာ(မာတီနက်ဇ်)က ကျွန်တော်တို့အတွက် အရမ်းအရေးကြီးတဲ့ကစားသမားပါ။ ကစားသမားတစ်ယောက်အနေနဲ့တင်မဟုတ်ဘဲ ဇာတ်ကောင်စရိုက်တစ်ခုအနေနဲ့ပါအရေးကြီးပါတယ်။ အခု သူ့ရဲ့ဒဏ်ရာက အခြေအနေဆိုးပါတယ်။ လောလောဆယ်မှာ ဆရာဝန်တွေရဲ့ အတည်ပြုချက်ကိုစောင့်နေရသေးပေမယ့် ပြင်းထန်တယ်လို့ထင်ပါတယ်”
“အဖြေကို မနက်ဖြန်မှသိရမှာဖြစ်ပေမယ့် အခြေအနေပြင်းထန်တယ်ဆိုတာ သိသာပါတယ်။ ကစားသမားတွေ ကျွန်တော်တို့ကိုကူညီခဲ့သလို၊ အခုလိုအခြေအနေမှာ ကျွန်တော်တို့ကလည်း ကစားသမားတွေကို ပြန်ကူညီသွားရပါမယ်” လို့ပြောကြားခဲ့ပါတယ်။
ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက်ဟာ ဒီရာသီ အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ရှုံးပွဲ ၇ ပွဲအထိ တွေ့ကြုံထားခဲ့ပြီလည်းဖြစ်ပါတယ်။ ဆက်လက်ပြီး ပေါ်တူဂီသားနည်းပြက “ဒီနေ့က အသင်းအတွက်ရော ပရိသတ်တွေအတွက်ပါ ခက်ခဲတဲ့နေ့တစ်နေ့ပါ။ အသင်းကနောက်ထပ်တစ်ကြိမ်ရှုံးခဲ့ပြန်ပြီး မပေးသင့်တဲ့ဂိုးတွေပေးခဲ့ရပါတယ်”
“ပရိသတ်တွေအတွက်တော့ အနုတ်သဘောဆောင်တဲ့ခံစားချက်တွေရရှိမှာ ပုံမှန်ပါပဲ။ ဒီရာသီက သူတို့အတွက် ခက်ခဲတဲ့ရာသီဖြစ်ပေမယ့် ဘောလုံး အရာအားလုံးကို အချိန်ခဏလေးအတွင်းမှာ ပြောင်းလဲစေနိုင်ပါတယ်။ လာမယ့် ပွဲစဉ်အတွက်အကောင်းဆုံးပြင်ဆင်သွားပါမယ်။ ပိုကောင်းတဲ့အရာတွေ ရရှိလာပါလိမ့်မယ်” လို့ပြောကြားခဲ့ပါတယ်။