စတူအာဘူခါရက်စ်ကို ၀-၂ နဲ့အနိုင်ရပြီးနောက် ယူနိုက်တက်အနေနဲ့ ဆုဖလားတွေအတွက် အာရုံစိုက်သင့်ပြီလို့ အာမိုရင်ပြောကြား
ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်မှာ စတူအာဘူခါရက်စ်ကို ၀-၂ နဲ့ဂိုးပြတ်အနိုင်ရပြီးနောက် ပွဲအပြီးမှာ မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းအနေနဲ့ ဆုဖလားတွေအတွက် အာရုံစိုက်သင့်နေပြီလို့ ပြောကြားလာခဲ့ပါတယ်။
အာမိုရင်ဟာ ၁၉၃၂ ခုနှစ်က နည်းပြ ဝေါ်လ်တာခရစ်ခ်မာနောက်ပိုင်း ယူနိုက်တက်ရဲ့ ပထမဆုံးပွဲစဉ် ၁၀ ပွဲမှာ ၅ ပွဲအထိရှုံးနိမ့်ခဲ့တဲ့ ပထမဆုံးနည်းပြဖြစ်လာခဲ့ပေမယ့် မကြာသေးမီကာလတွေမှာတော့ ရလဒ်ပိုင်းတိုးတက်မှုတွေ ပြန်လည်ဖော်ဆောင်လာနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲဆက်တိုက်အနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဖူလ်ဟမ်ကို ၀-၁ နဲ့အနိုင်ရခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ အာမိုရင်က သူ့အနေနဲ့ ယူနိုက်တက်ကို ကိုင်တွယ်ရင်း ၁၀ နှစ်လောက်အထိ ပိုမိုအိုစာသွားခဲ့တယ်လို့ ထင်မိကြောင်း ဖွင့်ဟပြောကြားခဲ့ပါသေးတယ်။ ယခုအခါ ယူရိုပါလိဂ်မှာ နိုင်ပွဲထပ်မံဖော်ဆောင်နိုင်ခဲ့ပြီးနောက် ပေါ်တူဂီသားနည်းပြက “ကျွန်တော်တို့ရဲ့ကစားဟန်မှာ ကြီးကြီးမားမားပြောင်းလဲသွားတာမျိုး မတွေ့ရပါဘူး။ ဒါပေမယ့် ဒီနေ့မှာတော့ တိုးတက်မှုအချို့ မြင်တွေ့ခဲ့ရပါတယ်။ ပွဲရဲ့အခြေအနေကို ပိုပြီးနားလည်လာတယ်လို့ထင်ပါတယ်”
“လာမယ့်အိမ်ကွင်းပွဲစဉ်မှာလည်း နိုင်ပွဲဆက်သွားမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့အသင်းက မန်ချက်စတာယူနိုက်တက်ဖြစ်လို့ ဆုဖလားတွေအတွက် တိုက်ပွဲဝင်သွားရပါမယ်။ ဒီလိုဘောလုံးအဆင့်အတန်းမျိုးမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ ဒါကို ကျွန်တော်တို့သက်သေပြသွားရပါမယ်” လို့ပြောကြားခဲ့ပါတယ်။
စတူအာဘူခါရက်စ်ကို အနိုင်ရရှိပြီးနောက် ယူနိုက်တက်ဟာ ယူရိုပါလိဂ်အုပ်စု အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာမှာရပ်တည်နိုင်ခဲ့တာကြောင့် ရှုံးထွက် ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဆက်လက်ပြီး အာမိုရင်က “ဒီနိုင်ပွဲက ကျွန်တော်တို့အတွက် အရမ်းအရေးပါပါတယ်။ အသင်းမှာရှိတဲ့ ဝန်ထမ်းတွေနဲ့ ကစားသမားတွေအကြား ချိတ်ဆက်မှုကို ဖန်တီးနိုင်ခဲ့ပါတယ်။ နောက်ထပ် ပလေးအော့ဖ် ၂ ပွဲထပ်ကစားဖို့မလိုတော့လို့ နောက်ပွဲတွေအတွက် လေ့ကျင့်ရေးအစီအဉ်တွေပြုလုပ်ဖို့ အချိန်တွေလည်း အများကြီးရသွားမှာပါ” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။