The network connection is lost.

Banner Image

အိမ်ပြန်ရတော့မှာကို မယုံနိုင်ဘူးလို့ဆိုလာတဲ့ ဩစတြီးယားနည်းပြ

ဩစတြီးယားနည်းပြ ရက်ဖ်ရန်းနစ်က ယူရိုရှုံးထွက် ၁၆ သင်း အဆင့်ပွဲစဉ်မှာ တူရကီကို ၁-၂ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် သူ့အနေနဲ့ ပြိုင်ပွဲကနေ နုတ်ထွက်ပြီး အိမ်ပြန်ရတော့မယ်ဆိုတာ မယုံနိုင်သေးဘူးလို့ပြောကြားလာခဲ့ပါတယ်။

အုပ်စုပွဲစဉ်တွေအတွင်း မြင့်မားတဲ့စွမ်းဆောင်ရည်တွေနဲ့အတူ ပြင်သစ်နဲ့ နယ်သာလန်တို့ကို ကျော်ဖြတ်ကာ အုပ်စုဗိုလ်နဲ့နောက်တစ်ဆင့်ကို တက်လှမ်းလာနိုင်ခဲ့တဲ့ ဩစတြီးယားဟာ ကွာတားဖိုင်နယ်အထိတက်ရောက်နိုင်လောက်တဲ့ စွမ်းဆောင်ရည်ကောင်းကို ပြသနိုင်ခဲ့ပေမယ့် ၁၆ သင်းအဆင့်မှာပဲ ပြုတ်သွားခဲ့ပြီဖြစ်ပါတယ်။

ယခုပွဲစဉ်မှာ ဩစတြီးယားဟာ ပွဲအစ ၅၇ စက္ကန့်မှာပဲ ဦးဆောင်ဂိုးပေးခဲ့ရတာကြောင့် နည်းပြကြီး ရန်းနစ်အနေနဲ့ အသင်းရဲ့ခံစစ်အားနည်းမှုကို ဝန်ခံခဲ့ပါတယ်။ ပထမပိုင်းမှာ ဩစတြီးယားက ချေပဂိုးရဖို့ ဆက်တိုက် ဖိကစားခဲ့ပေမယ့် ဂိုးမသွင်းယူနိုင်ခဲ့ဘဲ ဒုတိယပိုင်းမှာတော့ နောက်ထပ်ဦးဆောင်ဂိုး တစ်ဂိုး ထပ်မံခွင့်ပြုခဲ့ရပြန်ပါတယ်။

ဦးဆောင်ဂိုး ၂ ဂိုးအထိ ခွင့်ပြုလိုက်ရသော်လည်း ဩစတြီးယားက အပိုင်အခွင့်အရေးတွေ ဖန်တီးဖို့ရုန်းကန်ခဲ့ရပြီး ၆၆ မိနစ်ရောက်မှသာ ချေပဂိုး ၁ ဂိုးပြန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲပြီးကာနီးမှာ နှစ်သင်းစလုံး အပိုင်အခွင့်အရေးတွေ ထပ်မံရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ ၁-၂ နဲ့သာ ပွဲပြီးဆုံးခဲ့ပြီး တူရကီက ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။
ပွဲအပြီးမှာတော့ ရန်းနစ်က “၂ ဂိုးအထိခွင့်ပြုလိုက်ရပြီးနောက်မှာတော့ အရာရာဟာ ပိုခက်ခဲသွားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တတ်နိုင်သလောက်အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ ၁ ဂိုးပြန်သွင်းနိုင်ခဲ့ပြီးနောက်မှာ သရေကျဖို့ လုံလောက်တဲ့ အချိန်ကိုရခဲ့ပါတယ်။ ဒါပေမယ့် ဦးဆာင်ဂိုးကို စောစောစီးစီးခွင့်ပြုလိုက်ရတာက ကျွန်တော်တို့အတွက် ကံဆိုးတာပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

ပွဲပြီးကာနီးမှာ ရရှိခဲ့တဲ့ ဘော်မ်ဂတ်နာရဲ့ အပိုင်ခေါင်းတိုက်ချက်နဲ့ပတ်သက်ပြီး ရန်းနစ်က “ဒီပြိုင်ပွဲမှာ ကံကောင်းဖို့လည်း လိုပါသေးတယ်။ ဘော်မ်ဂတ်နာရဲ့ခေါင်းတိုက်ချက်သာ ဂိုးဝင်သွားခဲ့ရင် ကျွန်တော်တို့ ဒီပွဲမှာ အနိုင်ရနိုင်ချေရှိပါတယ်။ ဒါက အနိုင်ရဖို့လုံလောက်တဲ့ သမိုင်းဝင်အခွင့်အရေးပါ။ ကျွန်တော်တို့အနေနဲ့ ကွာတားဖိုင်နယ်ကို တက်လှမ်းပြီးနယ်သာလန်နဲ့ ကစားရသင့်ပါတယ်။ ကျွန်တော်တို့အခု အိမ်ပြန်ရတော့မယ်ဆိုတာကို မယုံနိုင်သေးပါဘူး။ နောက်တစ်ဆင့်ကို ဆက်တက်နိုင်မယ်လို့ပဲ ထင်ခဲ့တာပါ”လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီးရန်းနစ်က အခုလို ယူရိုကနေ ထွက်ခွာလာခဲ့ရပြီဖြစ်တာကြောင့် အသင်းအနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ခြေစစ်ပွဲတွေ အဆင့်ကို ကျော်ဖြတ်ရမယ့်အကြောင်း ပြောကြားလာခဲ့ပါတယ်။ တကယ်လို့ ဩစတြီးယားအနေနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲသာ အောင်မြင်ခဲ့မယ်ဆိုရင် ၁၉၉၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြန်လည်ကစားခွင့်ရမှာဖြစ်ပါတယ်။

ရန်းနစ်က “ကျွန်တော်တို့အသင်းက လက်ရှိမှာ အကောင်းဆုံး လူစာရင်းကိုပိုင်ဆိုင်ထားပါတယ်။ ဒီလိုစုဖွဲ့မှုမျိုးမရှိတာ နှစ်ပေါင်းအတော်ကြာပါပြီ။ နှစ်တွေအများကြီးအတွင်းမှာ အသင်းအနေနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့ အခွင့်အရေးကောင်းကို ပြန်လည် ရရှိလာခဲ့ပြီထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။