The network connection is lost.

Banner Image

အားနည်းနေတဲ့ ရီးရဲလ်မက်ဒရစ်ကို မန်စီတီးတို့ သတိထားသွားရမယ်လို့ ပြောဆိုခဲ့တဲ့ ပက်ဂွါဒီယိုလာ

ဒဏ်ရာပြဿနာတွေနဲ့အတူ အခက်ခဲဆုံးအချိန်ကာလတွေမှာတောင် အကောင်းဆုံးပုံစံကို ထုတ်ပြလေ့ရှိတဲ့ ရီးရဲလ်မက်ဒရစ်ရဲ့အမူအကျင့်ကို သူ့ရဲ့အသင်းအနေဖြင့် ကောင်းကောင်းသိရှိထားပါတယ်လို့ မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက ပြောခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ရော၊ မန်စီးတီးပါ ချန်ပီယံလိဂ်ပြိုင်ပွဲပုံစံသစ်အရ နောက်ဆုံး ၁၆-သင်းရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်ဖို့ အရည်အချင်းမမီခဲ့တာကြောင့် နှစ်ကျော့ယှဉ်ပြိုင်ရမယ့် ရှုံးထွက်ပလေးအော့ဖ်အဆင့်မှာ ထိပ်တိုက်ယှဉ်ပြိုင်ကစားသွားရပါမယ်။

ဒါကြောင့် ဒီကလပ်အသင်းနှစ်ခုက ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း၊ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ လေးကြိမ်ဆက်ထိပ်တိုက်တွေ့ဆုံမှု ဖြစ်လာပါတယ်။ သူတို့နှစ်သင်းရဲ့ပထမအကျော့ပွဲစဉ်ကို အခုညပိုင်း၊ အီတီဟတ်မှာ ယှဉ်ပြိုင်ကစားသွားဖို့ရှိနေပြီး လာလီဂါဦးဆောင်သူ ရီးရဲလ်မက်ဒရစ်အသင်းမှာ အဓိကနောက်ခံလူတွေဖြစ်တဲ့ ကာဗာဂျယ်လ်၊ ရူဒီဂါ၊ မီလီတာအိုနဲ့ အလာဘာတို့ ဒဏ်ရာပြဿနာကြောင့် မပါဝင်လာပါဘူး။

တနင်္လာနေ့သတင်းစာရှင်းလင်းပွဲအတွင်း ပက်ဂွါဒီယိုလာက “ ကျွန်တော်ကတော့ ဒီကလပ်အသင်းနှစ်ခုလုံးမှာ အခုဘောလုံးရာသီအတွင်း ဒဏ်ရာနဲ့ပတ်သက်လို့ ပြဿနာတွေ အများကြီးရှိခဲ့တယ်လို့ ထင်ပါတယ်။ ရီးရဲလ်မက်ဒရစ်က ဒီပြဿနာတွေကို ကျွန်တော်တို့ထက်တောင် ပိုပြီးကောင်းကောင်းကိုင်တွယ်နိုင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေက အက်သလက်တီကိုမက်ဒရစ်နဲ့ ရင်ဆိုင်တိုက်ခိုက်ရင်း အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဆက်ရှိနေလို့ဖြစ်ပါတယ်။

ဒါက သူတို့အသင်းမှာရှိနေတဲ့ တည်ငြိမ်မှုကို နောက်တစ်ကြိမ်ထပ်မံပြသလိုက်ခြင်း ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ သူတို့တွေက ကျွန်တော်တို့အတွက် ပြိုင်ဘက်ကြီးတွေပါပဲ။ ဒါကို ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့လည်း သူတို့နဲ့ အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရပြီး ခက်ခဲတဲ့အခိုက်အတန့်တွေမှာ သူတို့ရဲ့အကောင်းဆုံးပုံစံကို ဘယ်လိုယူဆောင်လာလေ့ရှိသလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ အမှန်ပါပဲ၊ ကျွန်တော်တို့မှာလည်း ဖြတ်ကျော်ဖို့အရမ်းကောင်းမွန်မယ့်ပွဲစဉ်နှစ်ခုကို ဖန်တီးသွားရပါမယ်။

ပြီးခဲ့တဲ့နှစ်၊ ထိပ်တိုက်တွေ့ဆုံမှုအပြီး ရီးရဲလ်မက်ဒရစ်က ရိုဒရီဂို၊ ဘယ်လင်ဟမ်၊ ဗင်နီးစီးယက်စ်တို့နဲ့အတူ အမ်ဘာပေကိုပါ ထပ်မံပေါင်းထည့်ထားလို့ တိုက်စစ်ပိုင်းပြင်းထန်အားကောင်းလာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့တိုက်စစ်လှိုင်းလုံးတွေကို ပိတ်ပင်တားမြစ်လိုက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူတို့တိုက်စစ်ပိုင်းက ထူးခြားပါတယ်။

သူတို့တွေရဲ့စုဖွဲ့ကစားပုံ၊ ပြေးလွှားမှု၊ တစ်ဦးချင်းဖြတ်ကျော်နိုင်စွမ်းနဲ့ ဘောလုံးပိုင်ဆိုင်မှုထိန်းချုပ်ထားပုံ၊ ဒီလေးခုလုံးက ထူးခြားလှပါတယ်။ ဒါကို လူတိုင်းလည်း သိပါတယ်။ ဒါကြောင့် ဖြစ်လာနိုင်မယ့်အရာတွေကို ကြိုတင်သိရှိထားပြီး သူတို့ရဲ့စုဖွဲ့မှုကို တက်နိုင်သမျှ လျှော့ချပစ်သွားရပါမယ်”လို့ ပြောပါတယ်။ မန်စီးတီးအသင်းက လတ်တလောမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်-၅ နေရာမှာ ရှိနေပြီး အမှတ်ပေးဇယားဦးဆောင်သူလီဗာပူးနဲ့ ၁၅ မှတ်အထိ ကွာဟနေပါတယ်။