The network connection is lost.

Banner Image

အဲဗာတန်နဲ့ပွဲစဉ်မတိုင်မီ ကစားသမားတွေကို အသင်းရဲ့လေ့ကျင့်ရေးကွင်းမှာ ညအိပ်ခိုင်းထားတဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာဟာ ကြာသပတေးနေ့ အဲဗာတန်နဲ့ယှဉ်ပြိုင်သွားရမယ့် ပွဲစဉ်မတိုင်မီ အသင်းရဲ့ကစားသမားတွေကို လေ့ကျင့်ရေးကွင်းမှာ ညအိပ်ဖို့ညွှန်ကြားထားကြောင်း ပြောကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ပြိုင်ပွဲစုံ နောက်ဆုံး ၁၂ ပွဲမှာ ၉ ပွဲအထိရှုံးနိမ့်ထားခဲ့တဲ့ မန်စီးတီးအနေနဲ့ အီတီဟတ်မှာ ယှဉ်ပြိုင်သွားရမယ့် အဲဗာတန်နဲ့ပွဲစဉ်မှာတော့ နိုင်ပွဲပြန်လည်ရရှိဖို့ အဓိကအာရုံစိုက်နေတာဖြစ်ပြီး အခုလို ရလဒ်ဆိုးတွေတောက်လျှောက်ကြုံတွေ့နေရခြင်းမှာ နည်းပြ ပက်ဂွါဒီယိုလာရဲ့ မန်နေဂျာသက်တမ်းတစ်လျှောက် အဆိုးဝါးဆုံးအချိန်ကာလလည်းဖြစ်ပါတယ်။

အသင်းရဲ့ကြယ်ပွင့်ကစားသမားတွေအနေနဲ့ ခရစ္စမတ်နေ့ရဲ့ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမှာသာ မိသားစုနဲ့ တွေ့ဆုံခွင့်ရှိသွားမှာဖြစ်ပြီး ညဘက်ကိုတော့ လေ့ကျင်ရေးကွင်းမှာ လာရောက်အိပ်စက်သွားကြရမှာဖြစ်ပါတယ်။ မန်စီးတီးရဲ့အိမ်ကွင်း အီတီဟတ်ဟာ အလွန်ကြီးမားတဲ့ အားကစားကွင်းကြီးတစ်ခုဖြစ်ပြီး အိပ်ခန်း ၈၀ အထိရှိနေသလို၊ ယခုအခါမှာလည်း ကစားသမားတွေအတွက် အိပ်ရာနဲ့ခေါင်းအုံးတွေအတွက် ပေါင် ၁ သိန်းခွဲလောက်အထိ အကုန်ကျခံအသုံးပြုထားတယ်လို့သိရပါတယ်။ 

ဂွါဒီယိုလာက “ကျွန်တော်တို့ ဒီနေ့လေ့ကျင့်ရေးအစီအစဉ်ပြုလုပ်ခဲ့ပါတယ်။ မနက်ဖြန်မှာလည်း လေ့ကျင့်ရေးအစီအစဉ်ပြုလုပ်သွားမှာပါ။ ဒီနေရာမှာပဲနေပြီး ဘောက်ဆင်ဒေးပွဲစဉ်တွေအတွက် အတတ်နိုင်ဆုံးပြင်ဆင်ထားပါတယ်။ကစားသမားတွေအနေနဲ့လည်း ဒီမှာနေချင်ကြမယ်လို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက ကျွန်တော်တို့အလုပ်ဖြစ်နေလို့ပါ” လို့ပြောကြားခဲ့ပါတယ်။ 

လက်ရှိအချိန်မှာ အဲဗာန်တန်အသင်းကလည်း အကောင်းဆုံးခြေစွမ်းကို ထိန်းသိမ်းထားနိုင်ပြီး ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲမှာ ဝုဗ်ကို ၄-၀ နဲ့အနိုင်ယူကာ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ကို ဂိုးမရှိသရေကစားထားနိုင်တာဖြစ်ပါတယ်။ ရုန်းကန်နေရတဲ့ မန်စီးတီးကတော့ ယူနိုက်တက်နဲ့ အက်စတွန်ဗီလာတို့ကို ရှုံးနိမ့်ထားပြီး အမှတ်ပေးဇယား အဆင့် ၄ နေရာက နော်တင်ဟမ်ဖောရက်စ်နဲ့ ရမှတ် ၄ မှတ်အထိ ကွာဟနေပါတယ်။ 

ဒါ့အပြင် မန်စီးတီးဟာ ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ် ၈ ပွဲမှာ ရမှတ် ၄ မှတ်သာစုဆောင်းနိုင်ခဲ့ပြီး အဆိုပါပမာဏဟာ အမှတ်ပေးဇယားအောက်ဆုံးက ဆောက်သမ်တန်ထက် ပိုမိုနည်းပါးတဲ့ပမာဏဖြစ်နေကာ ဆောက်သမ်တန်ကတော့ နောက်ဆုံး ၈ ပွဲမှာ ၅ မှတ်အထိရယူနိုင်ခဲ့ပါတယ်။ 

ဆက်လက်ပြီး ဂွါဒီယိုလာက “ဒီအခြေအနေက ကျွန်တော်တို့အားလုံးအတွက် ဆန်းသစ်ပါတယ်။ ကစားသမားတွေလည်း အရမ်းကြိုးစားနေကြပါတယ်။ လူတွေကတော့ ကျွန်တော်တို့ကို တိုက်ပွဲဝင်မနေဘူးလို့ပြောကြပေမယ့် ကစားသမားတွေအကြောင်းကို အသိဆုံးလူက ကျွန်တော်ပါ။ ပြန်ကစားနိုင်တဲ့ကစားသမားတွေလည်းရှိနေပြီဆိုတော့ ပိုကောင်းလာမယ်ဆိုတာ သေချာပါတယ်” လို့ပြောကြားခဲ့ပါတယ်။