The network connection is lost.

Banner Image

ပေါ်တိုကွင်းလယ်လူ ဂွန်ဇာလက်ဇ်ကို ပေါင်သန်း ၅၀ နဲ့ခေါ်ယူလိုက်တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးဟာ ကာလရှည်ဒဏ်ရာရရှိနေတဲ့ အသင်းရဲ့ ကွင်းလယ်ခံစစ်မှူး ဘောလွန်းဒီအော်ဆုရှင် ရိုဒရီရဲ့နေရာအတွက် အစားထိုးမှုအဖြစ် ယခုအခါမှာ ပေါ်တိုကွင်းလယ်လူ နီကိုဂွန်ဇာလက်ဇ်ကို ပေါင်သန်း ၅၀ နဲ့အပြီးသတ်ခေါ်ယူနိုင်ခဲ့ပါတယ်။ 

ဒူးခေါင်းဒဏ်ရာကြောင့် တစ်ရာသီလုံးအနားယူသွားရမယ့် ရိုဒရီရဲ့နေရာအတွက် မန်စီးတီးဟာ ပြီးပြည့်စုံတဲ့ အစားထိုးမှုပြုလုပ်နိုင်ခြင်းမရှိသေးတာကြောင့် ခြေစွမ်းပိုင်းရော ရလဒ်ပိုင်းမှာပါ ပုံစံကောင်းရဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ယခုအခါမှာတော့ စပိန်လက်ရွေးစင်ရဲ့ဒဏ်ရာအခြေအနေက တိုးတက်မှုရှိနေတယ်လို့လည်း သတင်းတွေက ဖော်ပြထားကြပါတယ်။ 

ယခုမန်စီးတီးခေါ်ယူလိုက်တဲ့ ဂွန်ဇာလက်ဇ်ဟာ ဘာစီလိုနာအကယ်ဒမီ လာမာစီယာကနေ ထွက်ခွာလာခဲ့သူဖြစ်ပြီး ပေါ်တိုအသင်းအတွက် အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးထားနိုင်သူဖြစ်ပါတယ်။ မန်စီးတီးသို့ပြောင်းရွှေ့ခြင်းနဲ့ပတ်သက်ပြီး ကစားသမားက “ကျွန်တော့်ရဲ့ ဘောလုံးအဆင့်အတန်းအတွက် ပြီးပြည့်စုံတဲ့ အခွင့်အရေးတစ်ခုပါပဲ။ ကျွန်တော့်အသက် ၂၃ နှစ်ရှိပါပြီ။ ဒီအချိန်မှာ ကျွန်တော့်ကိုယ်ကျွန်တော် အင်္ဂလန်မှာ စမ်းသပ်ကြည့်ချင်ပါတယ်။ ဒီလိုလုပ်ဖို့ ကျွန်တော့်အတွက် မန်စီးတီးကလွဲပြီး အခြားပိုကောင်းတဲ့အသင်းမရှိပါဘူး။ မန်စီးတီးက ကမ္ဘာ့အဆင့်ကစားသမားတွေပြည့်နှက်နေတဲ့ မယုံနိုင်စရာအသင်းပါ။ ဒီအသင်းမှာ မပါဝင်ချင်တဲ့ ကစားသမားဆိုတာမရှိပါဘူး။ ပက်ဂွါဒီယိုလာနဲ့ အလုပ်အတူတူတွဲလုပ်နိုင်ဖို့လည်း မစောင့်နိုင်တော့ပါဘူး။ သူ အခုလို ကျွန်တော့်ကိုလိုချင်တယ်ဆိုတာ ကျွန်တော့်အတွက်တော့ ဂုဏ်ယူစရာပါပဲ။ အတော်လေး စိတ်လှုပ်ရှားနေမိပါတယ်။ အသင်းဖော်အသစ်တွေနဲ့ တွေ့ဆုံပြီး မန်စီးတီးပရိသတ်တွေအရှေ့မှာ ကစားဖို့ စိတ်လှုပ်ရှားနေပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

မန်စီးတီး ဘောလုံးဒါရိုက်တာ ဇီကီဘက်ဂီရီစတိန်းကလည်း “နီကိုက ပါရမီရှင်ကွင်းလယ်လူပါ။ ကျွန်တော်တို့အတွက် အဖြေဖြစ်လာနိုင်ပါတယ်။ ဒီရာသီ သူ့ရဲ့စွမ်းဆောင်ရည်က အံ့မခန်းဖြစ်ပြီး ပေါ်တိုအသင်းကို ကောင်းကောင်းအကူအညီပေးထားနိုင်လို့ အပြောင်းအရွှေ့ကို ခက်ခက်ခဲခဲ ညှိနှိုင်းခဲ့ရပါတယ်။အပြောင်းအရွှေ့ဈေးကွက်မကုန်ခင်မှာ သဘောတူညီမှုရခဲ့လို့ ဝမ်းသာပါတယ်။ သူက ကျွန်တော်တို့ကို ကူညီဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာပေါ့” လို့ပြောကြားခဲ့ပါတယ်။ 

ယခုဆောင်းရာသီအပြောင်းအရွှေ့ကာလအတွင်း အိုမာ မာမွတ်ရှ်၊ ဗစ်တာရီးစ်နဲ့ ခူဆာနော့တို့ကို ခေါ်ယူထားခဲ့တဲ့ မန်စီးတီးအတွက် ဂွန်ဇာလက်ဇ်ဟာ စတုတ္ထမြောက် ကစားသမားခေါ်ယူမှုဖြစ်လာခဲ့ပါတယ်။