မန်စီးတီးရဲ့တုန်လှုပ်ခြောက်ခြားဖွယ်ရာအမှု၊ ဂျူဗင်တပ်စ်လုပ်ပွဲအရှုပ်တော်ပုံနဲ့ ဖီဖာအကျင့်ပျက်ခြစားမှုအပါအဝင် ဘောလုံးလောကရဲ့ အကြီးမားဆုံးအရှုပ်တော်ပုံများ
မန်စီးတီးက ဘောလုံးလောကရဲ့ အရှက်ရစရာစာရင်းထဲမှာ နောက်ဆုံးပါဝင်လာတဲ့ နာမည်ကြီးကလပ်အသင်းတစ်ခုသာ ဖြစ်ပါတယ်။
ငွေကြေးဆိုင်ရာနဲ့ တခြားသောအရှုပ်တော်ပုံတွေဆိုတာ ဘောလုံးအားကစား စနစ်တကျစတင်ဖြစ်တည်လာချိန်ကတည်းက ဒွန်တွဲပါဝင်လာခဲ့ပြီး ဘောလုံးအသင်းတွေကို ချောက်ကမ်းပါးအစွန်းအထိ သို့မဟုတ် လုံး၀ပျက်သုဉ်းသွားတဲ့အခြေအနေအထိ တွန်းပို့ခဲ့ဖူးပါတယ်။
ပထမကမ္ဘာစစ်အပြီး၊ လိဒ်စီးတီးအသင်းမှာ ဘာတွေ ဖြစ်ပျက်ခဲ့သလဲဆိုတာ အီတီဟတ်အကြီးအကဲတွေ သတိမထားမိကြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ မော်ဒန်ဘောလုံးခေတ်မှာ ဂျူဗင်တပ်စ်ရင်ဆိုင်ခဲ့ရတဲ့ အရှက်ရဖွယ်အခြေအနေ၊ ရိန်းဂျားစ်တို့ ပျက်စီးသွားခဲ့ရတဲ့ အဖြစ်အပျက်တွေကိုတော့ သူတို့တွေ သေချာပေါက် ရင်းနှီးသိရှိနေကြပါလိမ့်မယ်။
**လိဒ်စီးတီး (၁၉၁၉ ခုနှစ်)**
လောကမှာ အသစ်အဆန်းဆိုတာ မရှိဘူးဆိုတာကို သက်သေပြနေသလိုပဲ လွန်ခဲ့တဲ့ ၁၀၇ နှစ်၊ လိဒ်စီးတီးအရှုပ်တော်ပုံက မန်စီးတီးလတ်တလောကြုံတွေ့နေရတဲ့ အခြေအနေနဲ့ အတူညီဆုံး ဖြစ်နေပါတယ်။
လျှို့ဝှက်ငွေပေးချေမှုတွေ၊ ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေ၊ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်မှုတွေ... ဒီလိုအရာအားလုံး လိဒ်စီးတီးရဲ့အရှုပ်တော်ပုံမှာ ပါဝင်ခဲ့ပါတယ်။
အဲဒီခေတ်၊ အင်္ဂလိပ်ဘောလုံးလောကရဲ့ ပက်ဂွါဒီယိုလာဖြစ်လာခဲ့တဲ့ နည်းပြဟတ်ဘတ်ချပ်ပ်မန်းလည်း ပါဝင်ပတ်သက်ခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီအရှုပ်တော်ပုံမှာပါဝင်ပတ်သက်မှုကြောင့် သူ့အပေါ် ချမှတ်ခဲ့တဲ့ တစ်သက်တာ ပိတ်ပင်မှုကို ပယ်ဖျက်ပေးခဲ့ပြီးနောက်မှသာ အင်္ဂလိပ်ဘောလုံးလောကရဲ့ နည်းစနစ်ဆရာတစ်ဆူ ဖြစ်လာခဲ့တာပါ။
၁၉၀၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ လိဒ်စီးတီးက ကွင်းတွင်းကွင်းပြင်ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် အရိပ်အယောင်ပြသနေချိန် နည်းပြချပ်ပ်မန်းကိုယ်တိုင် စစ်ပွဲအတွက်ကူညီပေးဖို့ ဒေသတွင်းခဲယမ်းမီးကျောက်စက်ရုံတစ်ခုကို တာဝန်ယူကိုင်တွယ်ရန် ၁၉၁၄ ခုနှစ်မှာ ထွက်ခွာသွားခဲ့ပါတယ်။
၁၉၁၈ ခုနှစ်၊ သူပြန်ရောက်လာချိန်မှာတော့ လူကြိုက်နည်းတဲ့ သူ့ရဲ့လက်ထောက်ဂျော့ဂျ် ခရစ်ပ်စ်နဲ့ ဥက္ကဋ္ဌဂျိုးဆက်ဖ်ကော်နာတို့အကြား အငြင်းပွားမှုတွေကြောင့် ကလပ်အသင်းလည်း အစိတ်စိတ်အမြွှာမြွှာ ကွဲပြားနေခဲ့ပါပြီ။
လက်ထောက်နည်းပြအဆင့်ဆီ ပြန်လည်ရာထူးချခံရတာကို မကျေနပ်တဲ့ ခရစ်ပ်စ်က စစ်ပွဲကာလအတွင်း အင်္ဂလန်လက်ရွေးစင်ကစားသမားတွေဖြစ်တဲ့ ချာလီဘူချန်နဲ့ ဖန်နီဝေါလ်ဒန်တို့ အပါအဝင် ဧည့်သည်ကစားသမားတွေဆီ တရားမဝင်ငွေပေးချေမှုတွေ ပြုလုပ်ခဲ့မှုအကြောင်း ဘောလုံးလောကတာဝန်ရှိသူတွေဆီ ဖွင့်ချမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
သူ့ရဲ့ရှေ့နေဂျိမ်းစ်ဘရွမ်လေက နှုတ်ပိတ်နေပေးမယ့် ကတိစကားအတွက် ခရစ်ပ်စ်ကိုယ်တိုင် လျော်ကြေးငွေလက်ခံဖို့ ကလပ်အသင်းနဲ့ ၁၉၁၉ ခုနှစ်အစောပိုင်းမှာ သဘောတူညီမှု ရယူခဲ့ပါတယ်။
ဒါပေမဲ့ အမှန်တရားကို အချိန်အကြာကြီး ဖုံးကွယ်မထားနိုင်ခဲ့ပါဘူး။
၁၉၁၉-၁၉၂၀ ဘောလုံးရာသီအတွက် ကမ်းလှမ်းခံရတဲ့ စာချုပ်သစ်သတ်မှတ်ချက်တွေနဲ့ ပတ်သက်လို့ ကလပ်အသင်းနဲ့ အငြင်းပွားခဲ့ပြီးနောက် နောက်ခံလူချာလီကို့ပ်လန်းက အသင်းရဲ့ရက်ရက်စက်စက်စွန့်ပယ်ခြင်းကို ခံလိုက်ရပါတယ်။
ဒါပေမဲ့ ဘရွမ်လေကို ရှေ့နေအဖြစ် ငှားရမ်းထားတဲ့ ကို့ပ်လန်းက ဒီတရားမဝင်ငွေပေးချေမှုတွေအကြောင်း တာဝန်ရှိသူတွေဆီ ဖွင့်ချခဲ့ပြီး ခရစ်ပ်စ်နဲ့ သဘောတူညီမှု ရယူခဲ့တဲ့ အချက်အလက်တွေကို ဒီရှေ့နေ့ကိုယ်တိုင် ကစားသမားဆီ ပေါက်ကြားအောင် ပြုလုပ်ခဲ့တယ်လို့ ကော်နာက စွပ်စွဲခဲ့ပါတယ်။
အောက်တိုဘာ ၆ ရက်မတိုင်မီ သက်ဆိုင်ရာစာရွက်စာတမ်းတွေကို တင်ပြဖို့ ဘောလုံးလိဂ်အဖွဲ့ချုပ်က လိဒ်စီးတီးဆီ တောင်းဆိုခဲ့ပါတယ်။
ကလပ်အသင်းဘက်က တောင်းဆိုချက်အတိုင်း မဆောင်ရွက်နိုင်လို့ ဒုတိယတန်း(Division Two)မှ ထုတ်ပယ်ခံခဲ့ရပါတယ်။ လိဒ်ရဲ့နေရာနဲ့ အဲဒီရာသီရဲ့ကစားခဲ့ပြီးသမျှ မှတ်တမ်းတွေကို Burslem Port Vale အသင်းဆီ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
ကော်နာနဲ့ ချပ်ပ်မန်းအပါအဝင် လိဒ်စီးတီးတာဝန်ရှိသူ ၅ ဦးလုံးကို ဘောလုံးလောကနဲ့ တစ်သက်တာမပတ်သက်ဖို့ တားမြစ်ခဲ့ပါတယ်။
လိဒ်စီးတီးရဲ့ကစားသမားအစုအဖွဲ့ကို မက်ထရိုပိုးလ်ဟိုတယ်မှာ စုစုပေါင်း ပေါင် ၁၀,၀၀၀ နဲ့ လေလံတင်ခဲ့သလို အယ်လ်လန်ရုဒ်ကွင်းကိုလည်း Yorkshire Amateurs အသင်းဆီ ရောင်းချခဲ့ပါတယ်။
ဒါပေမဲ့လည်း မျှော်လင့်ချက်ရောင်ခြည်တစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။ အဲလန်းရုဒ်ကွင်းကို လိဒ်စ်ယူနိုက်တက် (Leeds United) ဆိုတဲ့ ကလပ်အသင်းသစ်က ဝယ်ယူခဲ့ပြီး ဟတ်ဒါဖီးလ်တောင်းဥက္ကဋ္ဌဟီလ်တန်ခရိုသာရဲ့ ၁၉၂၀ ပြည့်နှစ်အစောပိုင်း၊ ပေါင် ၃၅,၀၀၀ ထုတ်ချေးပေးမှုနဲ့အတူ လိဒ်ယူနိုက်တက်က မကြာမီမှာပဲ ဒုတိယတန်းဆီ ပြန်လည်တက်လှမ်းလာခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ချပ်ပ်မန်းရဲ့ပိတ်ပင်ခံထားရမှု ပျက်ပြယ်သွားခဲ့ပြီး သူက အာဆင်နယ်ဆီ မပြောင်းရွှေ့မီ ဟတ်ဒါဖီးလ်ဆီ ရောက်ရှိသွားကာ အသင်းကို လိဂ်ဖလား ၂ ကြိမ်နဲ့ အက်ဖ်အေဖလား ၁ ကြိမ် ဆွတ်ခူးနိုင်အောင် ဦးဆောင်ပေးခဲ့ပါတယ်။
ဒါပေမဲ့ ယခင်လိဒ်စီးတီးအရှုပ်တော်ပုံမှာ ပါဝင်ခဲ့တဲ့ ဘူချန်ကို အာဆင်နယ်ဆီ လာရောက်ပူးပေါင်းဖို့ ဆွဲဆောင်နိုင်ရန် ဂန်းနားတွေ လျှို့ဝှက်ငွေပေးချေမှု ပြုလုပ်ခဲ့တယ်ဆိုတာ ပေါ်ပေါက်လာပြန်လို့ ချပ်ပ်မန်းလည်း အရှုပ်တော်ပုံထဲမှာ နောက်တစ်ကြိမ် ပိတ်မိသွားခဲ့ပြန်ပါတယ်။
ဒါပေမဲ့ ချပ်ပ်မန်းက ပြစ်ဒဏ်မှ လွတ်မြောက်ခဲ့ပြီး နည်းဗျူဟာပိုင်းဆန်းသစ်တီထွင်သူပီပီ အာဆင်နယ်ကို ၁၉၃၀ ပြည့်လွန်နှစ်အစောပိုင်းကာလတွေမှာ ထိပ်တန်းအသင်းတစ်ခုအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။
**ဂျူဗင်တပ်စ်**
ကမ္ဘာ့ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံးနာမည်တစ်ခုအတွက် သိက္ခာကျဆင်းရဲဒုက္ခကြုံခဲ့မှုဇာတ်လမ်းက မာဖီးယား၀တ္တုတစ်ပုဒ်ကို ဖတ်နေရသလိုပါပဲ။
၁၉၉၀ ပြည့်လွန်နှစ်အစောပိုင်းကာလ၊ နိုင်ငံရေးအကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံတွေအပေါ် ကိုယ်စားပြုထားတဲ့ နာမည်ကို အစွဲပြုခေါ်ဆိုထားတဲ့ "ဘောလုံးမြို့တော်"လို့ အဓိပ္ပါယ်ရတဲ့ ကယ်လ်စီယိုပိုလီ (Calciopoli) အရှုပ်တော်ပုံကြောင့် အီတလီဘောလုံးလောကရဲ့မတည်မငြိမ်သမိုင်းရေစီးကြောင်းထဲမှာ ဂျူဗင်တပ်စ်သာမက အေစီမီလန်နဲ့ တခြားသောကလပ်အသင်းအများအပြားပါ ပြိုလဲသွားခဲ့ပါတယ်။
တာဝန်ရှိသူတွေကတော့ အစောပိုင်းမှာကတည်းက တားမြစ်ဆေးသုံးစွဲမှုဆိုင်ရာ စွဲချက်တွေနဲ့ ဂျူဗင်တပ်စ်ကို စုံစမ်းစစ်ဆေးနေခဲ့ကြပါတယ်။
ဒါပေမဲ့ အသင်းရဲ့အထွေထွေမန်နေဂျာလူစီယာနိုမော့ဂီ၊ အမှုဆောင်အရာရှိချုပ် အန်တိုနီယို ဂျီရော်ဒို၊ အခြားစီးရီးအေကလပ်အသင်းတွေရဲ့အမှုဆောင်တွေနဲ့ အခြားသော ဘောလုံး တာဝန်ရှိသူတွေကြား ဖုန်းပြောဆိုမှုတွေကို ခိုးယူနားထောင်ခဲ့ရာမှတဆင့် ပိုပြီး တုန်လှုပ်စရာကောင်းတဲ့ အရာတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ဂျူဗင်တပ်စ်တို့ ချန်ပီယံအဖြစ် အောင်ပွဲခံခဲ့တဲ့ ၂၀၀၄-၂၀၀၅၊ ၂၀၀၅-၂၀၀၆ ဘောလုံးရာသီနှစ်ခုမှာ မော့ဂီက သူ့မိတ်ဖက်တွေရဲ့အကူအညီနဲ့ ဒိုင်လူကြီးတွေကို လွှမ်းမိုးချုပ်ကိုင်ဖို့ ကြံစည်ကြိုးပမ်းခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။
ဂျူဗင်တပ်စ်အပေါ် မျက်နှာသာပေးမယ့် ဒိုင်လူကြီးတွေကို သူတို့ရဲ့ပွဲစဉ်တွေမှာ တာဝန်ကျစေခဲ့သလို ပွဲအတွင်းမှာလည်း ကလပ်အသင်းအကျိုးရှိစေမယ့် ဆုံးဖြတ်ချက်တွေ ချမှတ်ပေးဖို့အတွက် ဒီဒိုင်လူကြီးတွေနဲ့ တခြားသူတွေကိုပါ ဖိအားပေးခဲ့တယ်လို့ စွပ်စွဲခဲ့တာပါ။
နောက်ပိုင်းမှာ ဂျူဗင်တပ်စ်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်တွေကို လွဲချော်သွားစေဖို့အတွက် အခြားပြိုင်ဘက်အသင်းတွေရဲ့အဓိကကစားသမားတွေကို အဝါကတ် သို့မဟုတ် အနီကတ် ပြသစေတာမျိုးလည်း ပါဝင်ခဲ့ပါတယ်။
နေပယ်လ်စ်တရားရုံး၊ တရားသူကြီးတွေက ဒိုင်လူကြီး ၉ ဦး အပါအဝင် လူပုဂ္ဂိုလ် ၄၁ ဦးနဲ့ ၂၀၀၄-၂၀၀၅ ဘောလုံးရာသီရဲ့ ပွဲစဉ် ၁၉ ခုအပြင် ၂၀၀၅-၂၀၀၆ ဘောလုံးရာသီရဲ့ ပွဲစဉ် ၁၄ ခုကိုပါ စုံစမ်းစစ်ဆေးခဲ့ပါတယ်။
ဒီအရှုပ်တော်ပုံက ၂၀၀၆ ခုနှစ်၊ မေလမှာ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး အီတလီဘောလုံးလောကရဲ့စံနှုန်းတွေနဲ့နှိုင်းယှဉ်ရင်တောင် အလွန်ကြီးမားတဲ့ လှုပ်ခတ်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။
အီတလီဘောလုံးအဖွဲ့ချုပ်အကြီးတန်းအရာရှိ ဖရန်ကိုကာရာရိုက ပထမဆုံးရာထူးမှနုတ်ထွက်သူ ဖြစ်လာခဲ့ပြီး နောက်ပိုင်းမှာ ဂျူဗင်တပ်စ်ဘုတ်အဖွဲ့တစ်ခုလုံး၊ မော့ဂီ၊ ဂျီရော်ဒိုနဲ့ နည်းပြကာပယ်လိုတို့ပါ ဆက်တိုက်ဆိုသလို နုတ်ထွက်ခဲ့ကြပါတယ်။
ဂျူဗင်တပ်စ်အသင်းရဲ့ ၂၀၀၄-၂၀၀၅ ဘောလုံးရာသီ၊ ၂၀၀၅-၂၀၀၆ ဘောလုံးရာသီ ချန်ပီယံဆုတွေ ပြန်လည်ရုပ်သိမ်းခံရပြီး ၉ မှတ်လျှော့ထပ်ဆောင်းပြစ်ဒဏ်နဲ့အတူ စီးရီးဘီဆီ တန်းဆင်းသွားခဲ့ပါတယ်။
အီဘရာဟီမိုဗစ်၊ ဗီအဲရာ၊ အီမာဆန်နဲ့ ကန်နာဗာရိုတို့ အပါအဝင် ကြယ်ပွင့်ကစားသမားတွေအားလုံး ကလပ်အသင်းကို စွန့်ခွာသွားခဲ့ကြပါတယ်။
အေစီမီလန်၊ ဖီအိုရင်တီးနား၊ လာဇီယိုနဲ့ ရက်ဂျီနာတို့ကတော့ တန်းဆင်းရမယ့်ဘေးမှ လွတ်မြောက်ခဲ့ပေမဲ့ ၂၀၀၆-၂၀၀၇ စီးရီးအေပြိုင်ပွဲကို ၈ မှတ်လျှော့၊ ၁၅ မှတ်လျှော့၊ ၃ မှတ်လျှော့၊ ၁ မှတ်လျှော့ ပြစ်ဒဏ်တွေနဲ့အတူ စတင်ခဲ့ရပါတယ်။
တစ်ချိန်တည်းမှာပဲ ပါဝင်ပတ်သက်သူတွေအပေါ် အားကစားဆိုင်ရာ၊ တရားမဆိုင်ရာနဲ့ ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုမှုတွေ ကိုးနှစ်ကြာ ဖြစ်ပေါ်စေမယ့် လုပ်ငန်းစဉ်တစ်ခု စတင်လာခဲ့ပါတယ်။
ဒါပေမဲ့ လစ်ပီက အီတလီနိုင်ငံအတွက် စတုတ္ထမြောက်ကမ္ဘာ့ဖလားချန်ပီယံဆု ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့လို့ အီတလီဘောလုံးလောကအတွက် အဲဒီနွေရာသီက အောင်ပွဲခံရတဲ့ အခိုက်အတန့်တစ်ခု ဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် မော့ဂီရဲ့လူစာရင်းထဲမှာ ကျန်ရှိခဲ့တဲ့ ကစားသမားအချို့ကလည်း ဂျူဗင်တပ်စ်ကို ထိပ်ဆုံးဆီ ပြန်လည်ရောက်ရှိစေဖို့ ကူညီပေးခဲ့ကြပါတယ်။
ဘူဖွန်၊ ဒယ်လ်ပီယာရိုနဲ့ ကာမိုရာနီစီတို့လို ကစားသမားတွေက တန်းဆင်းရပေမဲ့လည်း အသင်းမှ မထွက်ခွာဘဲ အိုးလေဒီ(ဂျူဗင်တပ်စ်)နဲ့အတူ ဆက်လက်ရပ်တည်ခဲ့ပါတယ်။
ကာပယ်လိုနေရာမှာ အစားထိုးဝင်ရောက်လာတဲ့ ဂျူဗင်တပ်စ်ကြယ်ပွင့်ဟောင်းဒက်စ်ချမ့်စ်က ရမှတ်လျှော့ပြစ်ဒဏ်ကို ကျော်လွှားကာ အမှတ်ပေးဇယားဒုတိယနေရာရှိ နာပိုလီကို ခြောက်မှတ်ဖြတ်ပြီး စီးရီးဘီချန်ပီယံဖြစ်လာအောင် ဦးဆောင်ပေးခဲ့ပါတယ်။
ထိပ်တန်းလိဂ်ဆီ ပြန်လည်ရောက်ရှိလာပြီးနောက် ၂၀၁၁-၂၀၁၂ ဘောလုံးရာသီမှစလို့ ကွန်တီ၊ အယ်လီဂရီတို့လက်အောက်မှာ ဂျူဗင်တပ်စ်က စီးရီးအေချန်ပီယံဆုကို မကြုံစဖူး ကိုးကြိမ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပြီး ကယ်လ်စီယိုပိုလီအရှုပ်တော်ပုံဆိုတာ သူတို့အသင်းသမိုင်းမှာ သေးငယ်တဲ့အစွန်းအထင်းလောက်သာ ကျန်ရစ်စေခဲ့ပါတယ်။
**ဂလက်စဂို ရိန်းဂျား**
ရိန်းဂျားပြိုလဲခဲ့ရမှုက မန်စီးတီးမတိုင်ခင် နာမည်ကျော်ကလပ်အသင်းတစ်ခုကို ထိခိုက်စေခဲ့တဲ့ အကြီးမားဆုံးနဲ့ အပျက်အစီးအများဆုံး အရှုပ်တော်ပုံ ဖြစ်ပါတယ်။
အခွန်ဌာနဆီ သန်းနဲ့ချီ အကြွေးတင်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ ဒေဝါလီခံလိုက်ရလို့ ၁၉၇၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာ့သက်တမ်းရင့်ကလပ်အသင်းတွေအနက် တစ်ခုဖြစ်တဲ့ ဒီအသင်းကြီး အမှန်တကယ်ပျက်သုဉ်းသွားပြီလို့ ယူဆနေကြသူတွေဆိုတာ ဆဲလ်တစ်ပရိသတ်တွေချည်းပဲတော့ မဟုတ်ပါဘူး။
၂၀၀၀ ပြည့်နှစ်၊ ထောင်စုနှစ်သစ်တစ်ခုဆီ ကူးပြောင်းချိန်မှာ စကော့တလန်ဘောလုံးလောကရဲ့ဝင်ငွေက အင်္ဂလန်နဲ့ အခြားဥရောပနိုင်ငံအများစုရဲ့နောက်မှာ အပြတ်အသတ်ကျန်ရစ်နေလို့ ရိန်းဂျားစ်လိုကလပ်အသင်းတွေအတွက် ဘဏ္ဍာရေးအရယှဉ်ပြိုင်ဖို့ဆိုတာ ပိုမိုခက်ခဲလာခဲ့ပါတယ်။
ဒါကြောင့် ရော်နယ်ဒီဘိုးဝါးနဲ့ တိုရီအန်ဒရေဖလိုတို့လို ကြယ်ပွင့်ကစားသမားတွေကို ဂလက်စဂိုဆီ ဆွဲဆောင်နိုင်ဖို့အတွက် တခြားနေရာတွေမှာ ရရှိနေတဲ့ ငွေကြေးပမာဏနဲ့ တန်းတူပေးနိုင်မယ့် တီထွင်ဆန်းသစ်တဲ့ နည်းလမ်းတွေကို ရိန်းဂျားစ်အသင်း ရှာဖွေခဲ့ပါတယ်။
ရိန်းဂျားစ်ဖော်ထုတ်ခဲ့တဲ့ အစီအစဉ်ကတော့ ပုံမှန်လစာတွေအပြင် ဝန်ထမ်း အကျိုးခံစားခွင့်ရန်ပုံငွေအဖွဲ့(EBTs)ဆီကို ကလပ်အသင်းနဲ့ အဲဒီအချိန် ဥက္ကဋ္ဌတာဝန်ယူခဲ့တဲ့ ဆာဒေးဗစ်မာရေးထိန်းချုပ်ထားတဲ့ ကုမ္ပဏီရဲ့ငွေကြေးတွေ ထည့်သွင်းလိုက်တာပဲ ဖြစ်ပါတယ်။
၂၀၀၁ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အကြား EBTs ဆီမှ စုစုပေါင်း ပေါင် ၄၇ သန်းကျော် ရရှိခဲ့ကြတဲ့ ကစားသမား ၆၇ ဦး၊ ကလပ်အသင်းဝန်ထမ်း ၂၄ ဦးနဲ့ မာရေးကုမ္ပဏီအုပ်စုရဲ့ဝန်ထမ်း ၂၄ ဦးစာရင်းမှာ လက်ရှိအာဆင်နယ်နည်းပြမီခေးလ်အာတီတာလည်း ပါဝင်ခဲ့ပါတယ်။
ဘောလုံးလောကတာဝန်ရှိသူတွေ မသိရှိအောင် လျှို့ဝှက်ထားခဲ့တဲ့ ဒီငွေပေးချေမှုတွေကို ချေးငွေတွေသာ ဖြစ်တယ်လို့ ရိန်းဂျားစ်ဘက်က ဆိုပါတယ်။
ဒါပေမဲ့ ဗြိတိန်အခွန်ဌာန(HMRC) က ဒီငွေတွေကို ဝင်ငွေအဖြစ် သတ်မှတ်ခဲ့ပြီး ဝင်ငွေခွန်နဲ့ နိုင်ငံတော်အာမခံကြေးတွေ ပေးဆောင်ဖို့ တာဝန်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါကြောင့် ဒဏ်ကြေးနဲ့ အတိုးအပါအဝင် ကလပ်အသင်းအတွက် ပေါင် ၄၉ သန်းအထိ ပေးဆောင်ရမယ့် အကြွေးစာရင်းလည်း ပေါ်ပေါက်လာခဲ့ပြန်ပါတယ်။
ငွေကြေးအခက်အခဲကြုံတွေ့နေရတဲ့ ရိန်းဂျားစ်ကို ၂၀၁၁ ခုနှစ်၊ မေလမှာ မာရေးက ခရိတ်ဝှိုက်ဆီ ဗြိတိသျှစတာလင် ၁ ပေါင်ဖြင့် ရောင်းချခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ခရိတ်ဝှိုက်က ကုမ္ပဏီဒါရိုက်တာအဖြစ် လုပ်ကိုင်ခွင့် ခုနစ်နှစ်ကြာ ပိတ်ပင်ခံခဲ့ရဖူးလို့ ကလပ်အသင်းကို ဝယ်ယူဖို့ ခွင့်မပြုပေးသင့်ဘူးဆိုတဲ့အချက်လည်း ပေါ်ပေါက်လာခဲ့ပြန်ပါတယ်။
၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာတော့ ရိန်းဂျားစ်က ကြွေးမှီထိန်းသိမ်းရေးတာဝန်ရှိသူတွေကို ခေါ်ယူခဲ့ပြီး ၁၀ မှတ်လျှော့ပြစ်ဒဏ်ကို ချက်ချင်းကျခံလိုက်ပါတယ်။
နောက်ပိုင်းမှာ ဒီအခြေအနေကို HMRC က ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပြီး သူတို့အပါအဝင် အခြားမြီရှင်တွေအတွက် ရသင့်ရထိုက်တဲ့ အကြွေးပမာဏအနည်းငယ်သာ ရရှိစေမယ့် "ကုမ္ပဏီဆန္ဒအလျောက်သဘောတူညီမှုမှတဆင့် ကြွေးမှီထိန်းသိမ်းရေးဆိုင်ရာအဖွဲ့လက်အောက် ကလပ်အသင်းလွတ်မြောက်သွားမယ့်နည်းလမ်း"ကို ငြင်းဆန်ခဲ့ပါတယ်။
ဒါကြောင့် နောက်ပိုင်းမှာ ရိန်းဂျားစ်က "လုပ်ငန်းရပ်စဲ၍ ပိုင်ဆိုင်မှုတွေကို ငွေသားအဖြစ် ပြောင်းလဲမယ့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း (liquidation)" ကို မဖြစ်မနေ ပြုလုပ်ခဲ့ရပါတယ်။
ဘောလုံးလောကစည်းမျဉ်းတွေနဲ့အညီ ကစားသမားအများစုက သူတို့ရဲ့စာချုပ်တွေကို ဖျက်သိမ်းခဲ့ကြပြီး ကျန်ရှိတဲ့ပိုင်ဆိုင်မှုတွေကို Sevco Scotland Ltd လို့ အမည်ရတဲ့ ကုမ္ပဏီတစ်ခုဆီ နောက်ဆုံးမှာ ရောင်းချခဲ့ပါတယ်။
ဒီနေ့အထိလည်း ဆဲလ်တစ်ပရိသတ်တွေနဲ့ အခြားသူတွေက ဂလက်စဂိုရဲ့ အပြာရောင်ကလပ်အသင်းကို Sevco လို့ လှောင်ပြောင်ခေါ်ဝေါ်နေကြပါတယ်။
အချိန်ကာလအလွန်ရှည်လျားတဲ့ ဥပဒေရေးရာလုပ်ငန်းစဉ်တစ်ခု စတင်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ EBTs ငွေပေးချေမှုတွေကို ဝင်ငွေအဖြစ် သတ်မှတ်သင့်တယ်ဆိုတဲ့ HMRC ရဲ့ ရပ်တည်ချက်ကို တရားလွှတ်တော်ချုပ်က ထောက်ခံကာ အဆုံးသတ်ခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ကွင်းတွင်းရလဒ်တွေအရ ရိန်းဂျားစ်အတွက် ပျက်စီးယိုယွင်းမှုတွေနဲ့ ကြုံတွေ့ခဲ့ပါတယ်။
ဒီကလပ်အသင်းသစ်က စတုတ္ထတန်း (Third Division - အောက်ဆုံးတန်း)အထိ တန်းဆင်းခဲ့ရပေမဲ့ ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အကြား ဆွတ်ခူးခဲ့တဲ့ လိဂ်ဖလားသုံးလုံးနဲ့ ပြည်တွင်းဆုဖလားရှစ်လုံးတို့ကို ဆက်လက်ထိန်းသိမ်းပိုင်ခွင့်တော့ အငြင်းပွားဖွယ် ရရှိခဲ့ပါတယ်။
ရိန်းဂျားစ်က အဆင့်ဆင့်ရုန်းကန်တက်လှမ်းခဲ့ပြီး ၂၀၁၆-၁၇ ဘောလုံးရာသီမှာ ထိပ်တန်းလိဂ်ဆီ အချိန်မီပြန်လည်ရောက်ရှိလာခဲ့သလို စတီဗင်ဂျရတ်လက်အောက် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့လို့ ဆဲလ်တစ်ရဲ့ဆယ်စုနှစ်တစ်ခုကြာ ချန်ပီယံဆုဆက်တိုက်သိမ်းယူမယ့်အိပ်မက်ကို တားဆီးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ရိန်းဂျားစ်ဆီမှာ အမာရွတ်တွေ ကျန်ရှိနေဆဲဖြစ်သလို စကော့တလန်ဘောလုံးလောကမှာလည်း ဒီအရှက်ရဖွယ်ဇာတ်လမ်းဆိုးကြောင့် မကျေလည်မှုတွေနဲ့ အမည်းစက် ထင်ကျန်နေဆဲ ဖြစ်ပါတယ်။
**၂၀၁၅ ဖီဖာအကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ**
၂၀၁၅ ခုနှစ်၊ မေလမှာ အမေရိကန်တရားရေးဝန်ကြီးဌာနက စာမျက်နှာ ၁၆၄ ခုနဲ့အတူ စွဲချက် ၄၇ ခုပါဝင်တဲ့ ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုချက်တစ်ခု ထုတ်ဖော်ခဲ့ပြီး ဆယ်စုနှစ်နှစ်ခုကျော်ကာလအတွင်း ဒေါ်လာ သန်း ၁၅၀ (ပေါင် ၁၁၃ သန်း) လာဘ်ငွေရယူခဲ့မှုဖြင့် ဖီဖာအမှုဆောင်ခုနစ်ဦးကို စွဲချက်တင်ခဲ့ပါတယ်။
ဒီအမှုဆောင်တွေကို ဖီဖာရုံးချုပ်အခြေစိုက်ရာ ဇူးရစ်မြို့မှာ ဆွစ်ဇာလန်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
၁၉၉၁ ခုနှစ်အထိ နောက်ကြောင်းပြန်ထားတဲ့ ပြစ်မှုတွေအတွက် နောက်ထပ်တာဝန်ရှိသူ ခုနစ်ဦးနဲ့ အားကစားစျေးကွက်ရှာဖွေရေးဆိုင်ရာလူပုဂ္ဂိုလ်တွေကိုလည်း တရားရေးဝန်ကြီးဌာနရဲ့စွဲချက်ထဲမှာ ထပ်မံထည့်သွင်းခဲ့ပါတယ်။
ဒီအမှုမှာ ကျူးလွန်သူတွေက ရုပ်သံထုတ်လွှင့်ခွင့်စာချုပ်တွေနဲ့ အလဲအလှယ်ပြုလုပ်ပြီး ဈေးကွက်ရှာဖွေရေးအဖွဲ့တွေမှတဆင့် လာဘ်ငွေတွေ လက်ခံခဲ့ကြတယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။
ဒီစွဲချက်တွေထဲမှာ ငွေညှစ်ခြိမ်းခြောက်မှု၊ ဆက်သွယ်ရေးနည်းလမ်းများအသုံးပြုကာ လိမ်လည်မှုနဲ့ ငွေကြေးခဝါချမှုတွေလည်း ပါဝင်ခဲ့ပါတယ်။
ဒါ့အပြင် ဆွစ်ဇာလန်အာဏာပိုင်တွေကလည်း ၂၀၁၈ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွေရဲ့ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ကို ရုရှားနဲ့ ကာတာတို့ဆီ ပေးအပ်ခဲ့တဲ့ ကိစ္စရပ်တွေအပေါ် စုံစမ်းစစ်ဆေးမှုတွေ ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ အဲ့ဒီအချိန်က ဖီဖာဥက္ကဋ္ဌတာဝန်ယူနေတဲ့ ဆပ်ဘလတ္တာလည်း ရာထူးမှ မဖြစ်မနေ နုတ်ထွက်ပေးလိုက်ရပါတယ်။