ဘာစီလိုနာရဲ့ ဒိုင်လူကြီးအဖွဲ့အကြီးအကဲဆီ ငွေပေးချေမှုဆိုင်ရာ စာရွက်စာတမ်းတွေကို ရီးရဲလ်မက်ဒရစ်က UEFA ဆီ လွှဲပြောင်းပေးအပ်
စပိန်ဒိုင်လူကြီးများဆိုင်ရာနည်းစနစ်ကော်မတီ(CTA)ရဲ့ ဒုတိယအကြီးအကဲဟောင်း ဟိုဆေးမာရီယာအင်းနရစ်ခ်ဇ်နီဂရဲရာဆီ ဘာစီလိုနာအသင်း ငွေပေးချေမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးရာမှာ ရီးရဲလ်မက်ဒရစ်အသင်း ပေးပို့လာတဲ့ စာရွက်စာတမ်းအများအပြားကို လက်ခံရရှိထားတယ်လို့ ကြာသပတေးနေ့မွန်းလွဲပိုင်းမှာ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က အတည်ပြုခဲ့ပါတယ်။
ဘောလုံးရာသီအတော်များများမှာ CTA ဒုတိယဥက္ကဋ္ဌဆီ ဘာစီလိုနာအသင်း ငွေပေးချေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးနေတဲ့ နီဂရဲရာအမှုက မကြာသေးမီနှစ်တွေအတွင်း စပိန်ဘောလုံးလောကအတွက် အရိပ်မည်းတစ်ခု ဖြစ်လာခဲ့ပါတယ်။
ဘာစီလိုနာရဲ့ချန်ပီယံဆုတွေ ရုပ်သိမ်းပေးဖို့ ယခင်ကတည်းက တောင်းဆိုထားဖူးတဲ့ ရီးရဲလ်မက်ဒရစ်ဆီမှ ဒီကိစ္စနဲ့သက်ဆိုင်တဲ့ ခိုင်လုံပြည့်စုံတဲ့ စာရွက်စာတမ်းအများအပြားကို လက်ခံရရှိခဲ့တယ်လို့ ကြာသပတေးနေ့မွန်းလွဲပိုင်းမှာပဲ UEFA က အတည်ပြုခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ဒီဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးပေးဖို့ ဘောလုံးဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းဆီ ဖိအားပေးတဲ့ ကြေညာချက်တစ်ခုကို ရီးရဲလ်မက်ဒရစ်က ထုတ်ပြန်ခဲ့ပါတယ်။
ဒီထုတ်ပြန်ချက်မှာ "နီဂရဲရာအမှုနဲ့ပတ်သက်ပြီး ဒီနေ့ထုတ်ပြန်ခဲ့တဲ့ UEFA ရဲ့အသိပေးချက်အပေါ် အခြေခံကာ ရီးရဲလ်မက်ဒရစ်အသင်းက အခုလို ကြေညာအပ်ပါတယ်" လို့ ဖော်ပြထားပါတယ်။
"ဒိုင်လူကြီးများဆိုင်ရာနည်းစနစ်ကော်မတီဒုတိယဥက္ကဋ္ဌဟောင်းဆီ ဘာစီလိုနာက လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုအတွင်း ပေးပို့ခဲ့တဲ့ ငွေကြေးတွေနဲ့ပတ်သက်လို့ ရီးရဲလ်မက်ဒရစ်အသင်း တင်သွင်းလာတဲ့ တိုင်ကြားချက်နဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်ဆိုတာ ယူအီးအက်ဖ်အေကိုယ်တိုင် အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်"
"ကျွန်တော်တို့ကလပ်အသင်း တင်သွင်းထားတဲ့ တိုင်ကြားချက်ထဲမှာ ပြိုင်ပွဲရဲ့ ဂုဏ်သိက္ခာနဲ့ ဒိုင်လူကြီးစနစ်အပေါ် ယုံကြည်စိတ်ချရမှုကို တိုက်ရိုက်ထိခိုက်စေသလို အလွန်အမင်း ဆိုးရွားပြင်းထန်တဲ့ဖြစ်ရပ်တွေနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းအထောက်အထားတွေ ပါဝင်ပါတယ်"
"ယူအီးအက်ဖ်အေလည်း ဒီစာရွက်စာတမ်းတွေကို လက်ခံရရှိထားပြီးဖြစ်လို့ စုံစမ်းစစ်ဆေးမှုတွေကို အပြည့်အစုံပြီးစီးသည်အထိ အမြန်ဆုံးအရေးပေါ်ဆောင်ရွက်သွားဖို့နဲ့ အတည်ပြုစစ်ဆေးတွေ့ရှိထားတဲ့ အချက်အလက်တွေရဲ့ ပြင်းထန်မှုအပေါ် မူတည်ကာ သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းတွေကိုယ်တိုင် သင့်လျော်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်သွားဖို့ဆိုတာ အလွန်အရေးကြီးတယ်လို့ ရီးရဲလ်မက်ဒရစ်အသင်းက ယူဆထားပါတယ်"
"ဥရောပဘောလုံးလောကကို ထိန်းကျောင်းရမယ့် ဂုဏ်သိက္ခာ၊ ပွင့်လင်းမြင်သာမှုနဲ့ တရားမျှတစွာယှဉ်ပြိုင်မှုဆိုင်ရာ စည်းမျဉ်းတွေနဲ့ သဟဇာတ မဖြစ်ဘူးလို့ ယူဆရတဲ့ အဖြစ်အပျက်တွေကို ရှင်းလင်းဖော်ထုတ်နိုင်ဖို့အတွက် ကျွန်တော်တို့ကလပ်အသင်းက ယူအီးအက်ဖ်အေနဲ့အတူ တက်တက်ကြွကြွဆက်လက်ပူးပေါင်းဆောင်ရွက်သွားပါမယ်။ ကျွန်တော်တို့ရဲ့လုပ်ပို်ငဘောင်အတွင်းမှာရှိတဲ့ အရာအားလုံးကိုလည်း ဆောင်ရွက်သွားပါမယ်" လို့ ရေးသားဖော်ပြထားပါတယ်။