
ယမန်နှစ်ရာသီက မန်စီးတီးနည်းပြရာထူးကနေ ထုတ်ပယ်ခံရဖို့ နီးစပ်ခဲ့ကြောင်း ဂွါဒီယိုလာ ဖွင့်ဟလာ
မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက ၂၀၂၄-၂၅ ရာသီမှာ အသင်းရလဒ်တွေ တကယ်ကို ဆိုးရွားခဲ့ပေမဲ့ ဥက္ကဋ္ဌနဲ့ အားကစားဒါရိုက်တာတို့ရဲ့ ယုံကြည်မှုကြောင့်သာ ရာထူးကနေ မထုတ်ပယ်ဘဲ ဆက်လက်ရှိနေတာဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်းပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းဟာ ဖလားလက်မဲ့ဖြစ်ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း တတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အထူးသဖြင့် ၂၀၂၄ ခုနှစ်ကုန်ပိုင်းကာလမှာ ပြိုင်ပွဲစုံ ၁၂ ပွဲကစားရာ ၉ ပွဲအထိ ရှုံးနိမ့်ခဲ့တာဟာ စီးတီးပရိသတ်တွေကို စိတ်ပျက်စေခဲ့ပါတယ်။
TNT Sports နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဂွါဒီယိုလာက ပြီးခဲ့တဲ့ရာသီရဲ့ ဆိုးရွားမှုကို ဝန်ခံခဲ့ပြီး "တကယ်ကို ဆိုးရွားတဲ့ရာသီအပြီးမှာ ဒီနေရာမှာ ဆက်ထိုင်နေနိုင်တာကို အရမ်းပျော်ပါတယ်။ ဥက္ကဋ္ဌနဲ့ အားကစားဒါရိုက်တာသာ ဒီလိုမျိုးမရှိခဲ့ရင် ကျွန်တော် အလုပ်ထုတ်ခံရမှာသေချာပါတယ်။ ဘာလို့လဲဆိုတော့ ရလဒ်တွေက တကယ်ကိုဆိုးရွားခဲ့လို့ပါ" လို့ ပြောကြားခဲ့ပါတယ်။
၂၀၂၂-၂၀၂၃ ရာသီမှာ သမိုင်းဝင်ဖလား ၃ လုံး အပါအဝင် ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်နဲ့ ပြည်တွင်းဖလားများစွာကို ရယူပေးခဲ့တဲ့ ဂွါဒီယိုလာရဲ့ မန်စီးတီးမှာရှိတဲ့ ဂန္ထဝင်ဆန်တဲ့ ဂုဏ်ပုဒ်တွေက သူ့ကို ရာထူးကနေ မထုတ်ပယ်နိုင်အောင် ကာကွယ်ပေးခဲ့တာဖြစ်ပါတယ်။ ကလပ်ရဲ့ ထိပ်တန်းတာဝန်ရှိသူတွေက စိတ်ရှည်သည်းခံမှုကို ရွေးချယ်ခဲ့ပြီး အသင်းကို ပြန်လည်တည်ဆောက်ဖို့ သဆက်လက်ခွင့်ပြုခဲ့ပါတယ်။
ဒါ့အပြင် ဒီဇင်ဘာနဲ့ နွေရာသီအပြောင်းအရွှေ့ကာလတွေမှာ ကစားသမား ၆-၇ ယောက်ခန့်ကို ခေါ်ယူပြီး အသင်းကို ပြန်လည်အားဖြည့်ခဲ့ပါတယ်။ ဂွာဒီယိုလာက "ဒါက ရာသီသစ်တစ်ခုပါ... ဘောလုံးလောကက အနိုင်အရှုံးဆိုတာ ဒီလိုပါပဲ။ နောက်ထပ်အခန်းဆက်က ဘာလဲ။ နောက်ထပ်အခန်းဆက်က ဒီရာသီပါ။ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှမသိပါဘူး။
ကျွန်တော်တို့မှာတော့ ကောင်းမွန်စွာ စွမ်းဆောင်လိုတဲ့ဆန္ဒရှိတယ်လို့ထင်ပါတယ်" လို့ ဘောလုံးလောကရဲ့ သဘောသဘာဝကို ထပ်လောင်းပြောကြားခဲ့ပါတယ်။ ဂွာဒီယိုလာရဲ့ ထုတ်ဖော်ပြောဆိုချက်က ထိပ်တန်းနည်းပြတွေအတွက်တောင် ဘယ်လောက် ဖိအားတွေများတယ်ဆိုတာကို မီးမောင်းထိုးပြသလို၊ ခက်ခဲတဲ့ကာလတွေကို ကျော်လွှားရာမှာ အသင်းရဲ့ ယုံကြည်မှု တန်ဖိုးကိုပါ ပြသနေပါတယ်။