ဖရန့်ဖတ်တိုက်စစ်မှူး မာမွတ်ရှ်ကိုခေါ်ယူဖို့ သဘောတူညီမှုရရှိသွားတဲ့ မန်စီးတီး
မန်ချက်စတာစီးတီးဟာ ဖရန့်ဖတ်တိုက်စစ်မှူး အိုမာ မာမွတ်ရှ်ကိုခေါ်ယူဖို့ သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပြီး ၅ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုသွားမယ်လို့သိရပါတယ်။အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ မန်စီးတီးဟာ မာမွတ်ရှ်အတွက် ဆွေးနွေးညှိနှိုင်းမှုကို အပြီးသတ်နိုင်ခဲ့ကာ သဘောတူညီမှုရခဲ့တာကြောင့် အီဂျစ်သားကို မကြာမီမှာပဲ အီတီဟတ်မှာမြင်တွေ့နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ကနဦးမှာ ဖရန့်ဖတ်က မာမွတ်ရှ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၆၇ သန်းသတ်မှတ်ထားခဲ့ပေမယ့် မန်စီးတီးက ပေါင်သန်း ၅၀ နဲ့သာကမ်းလှမ်းခဲ့တာကြောင့် ဆွေးနွေညှိနှိုင်းမှုတွေပြုလုပ်ခဲ့ကြရတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ သဘောတူညီမှုရရှိခဲ့တဲ့ တန်ကြေးအတိအကျကို မသိရသေးသလို မန်စီးတီးကလည်း ကစားသမားကို ခေါ်ယူနိုင်ပြီဖြစ်ကြောင်း တရားဝင်ဖော်ပြထားခြင်းမရှိသေးပါဘူး။ မာမွတ်ရှ်ဟာ ၂၀၂၃ နွေရာသီမှာ ဘွန်ဒက်စ်လီဂါပြိုင်ဘက် ဝုဖ်ဘတ်မှ ဖရန့်ဖတ်သို့ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းသစ်မှာ တောက်လျှောက်ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။ အီဂျစ်လက်ရွေးစင်ဟာ ဖရန့်ဖတ်အတွက် ၆၇ ပွဲကစားထားရာမှာ ၃၇ ဂိုးအထိသွင်းယူပေးထားနိုင်တာကြောင့် လိဂ်ရဲ့ အယုံကြည်ရဆုံးသော တိုက်စစ်မှူးတစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။
ဒီရာသီမှာလည်း ကစားသမားဟာ တောက်လျှောက်ခြေစွမ်းထိန်းသိမ်းထားနိုင်ပြီး ဘွန်ဒက်စ်လီဂါမှာ ၁၅ အထိသွင်းယူပေးထားနိုင်ပါတယ်။ မာမွတ်ရှ်ကိုခေါ်ယူလိုက်တာကြောင့် မန်စီးတီးအနေနဲ့ ပြီးခဲ့တဲ့နွေရာသီက အက်သလက်တီကိုထံရောင်းချထားခဲ့တဲ့ ဂျူလီယန်အယ်လ်ဗာရက်ဇ်ရဲ့ကွက်လပ်ကို အင်အားဖြည့်တင်းနိုင်တော့မှာဖြစ်ပါတယ်။
မာမွတ်ရှ်ကိုခေါ်ယူလိုက်နိုင်ပြီဖြစ်ပေမယ့် မန်စီးတီးဟာ အပြောင်းအရွှေ့ဈေးကွက်အတွင်း ဆက်လက်လှုပ်ရှားနေဆဲဖြစ်ပြီး ပေါင်သန်း ၆၀ ဝန်းကျင်တန်ကစားသမားတွေဖြစ်ပြီး ဗစ်တာရီးစ်နဲ့ ကူဆာနိုတို့ကို ဆက်လက်ခေါ်ယူနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာတော့ မန်စီးတီးဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အစ်ဆွစ်ချ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရပါမယ်။