
ပြိုင်ဘက်တွေအတွက် ထိတ်လန့်စရာ အန်ဖီးလ်ကွင်းသွင်ပြင်လုပ်ဆောင်ပြဖို့ ပရိသတ်တွေဆီ တောင်းဆိုလိုက်တဲ့ ဗန်ဒိုက်
ပရီးမီးယားလိဂ်ချန်ပီယံဆုအောင်နိုင်ရေးလမ်းကြောင်းမှာ ပြိုင်ဘက်ကလပ်အသင်းတွေအတွက် ထိတ်လန့်စရာ အန်ဖီးလ်ကွင်းအသွင်အပြင်ကို လုပ်ဆောင်ပေးသွားကြဖို့ ဗန်ဒိုက်က အသင်းပရိသတ်တွေဆီ တောင်းဆိုခဲ့ပါတယ်။ လွန်ခဲ့တဲ့တနင်္ဂနွေနေ့၊ မန်စီးတီးကို ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ လီဗာပူးရဲ့အရေးကြီးနိုင်ပွဲအပြီး ကြိုးကြာနီကပ္ပတိန်ဗန်ဒိုက်က သူ့အသင်းပရိသတ်တွေကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာရေးလမ်းကြောင်းမှာ တတပ်တအားပါဝင်သွားကြဖို့ အလိုရှိနေပါတယ်။ လက်ကျန်လိဂ် ၁၁ ပွဲအနက် အန်ဖီးလ်ကွင်းမှာ ၇ ပွဲကစားရဖို့ ရှိနေချိန် အိမ်ကွင်းနိုင်ပွဲတွေက အန်းစလော့ရဲ့အသင်းကို မေလကုန်၊ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရှိနေဖို့ လုံလောက်သွားစေနိုင်ပါတယ်။
ဗန်ဒိုက်က “ဝုဗ်နဲ့ပွဲစဉ်အပြီးမှာကတည်းက ကျွန်တော် ဒီအချက်ကို ပြောခဲ့ပါတယ်။ အခုလိုမျိုးဖြစ်ပျက်နေတာ ပုံမှန်အခြေအနေပါပဲ။ စိုးရိမ်သောကခံစားချက်အချို့ ဝင်ရောက်လာနိုင်တယ်ဆိုတာ လူသားတို့ရဲ့တုံ့ပြန်မှုတစ်ခုသာဖြစ်ပြီး ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒါပေမယ့် အန်ဖီးလ်မှာ ပြိုင်ဘက်အတွက် စိုးရိမ်ထိတ်လန့်နေအောင် ပြုလုပ်တာကကျွန်တော်တို့နဲ့အသင်းပရိသတ်တွေအတွက်အကူအညီဖြစ်စေတယ်လို့ ယူဆမိပါတယ်။ အချိန်အတော်များများမှာလည်း ဒီလိုမျိုးတွေ ကျွန်တော်တို့ လုပ်ခဲ့ပြီးပါပြီ။ ကျွန်တော်တို့အသင်းကစားပုံကလည်း ဒီနည်းလမ်းကို အထောက်အကူဖြစ်စေတယ်ဆိုတာ ထင်ရှားပါတယ်။ အိမ်ကွင်းပွဲစဉ်ကစားရဖို့ ဘယ်လောက်ကျန်သေးလဲ? ၁၁ ပွဲမှာ ၇ ပွဲပေါ့။ ဒါကြောင့် ဒီ ၇ ပွဲမှာ တက်နိုင်သမျှ အကျယ်လောင်ဆုံးအော်ဟစ်ပြီး အံ့အားသင့်စရာတွေ ဖြစ်သွားအောင် လုပ်ဆောင်သွားကြမယ်။ အခုလိုအခြေအနေမျိုးမှာ ဒါမျိုးတွေလုပ်ပေးဖို့ တောင်းဆိုဖို့တောင် မလိုဘူးလို့ ထင်ပါတယ်။ ဒါကြောင့် လာမယ့်ဗုဒ္ဓဟူးနေ့ပွဲစဉ်ကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပြီး ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားကြမယ်။ မန်စီးတီးကို အနိုင်ရရှိမှုကတော့ ကြီးမားတဲ့နိုင်ပွဲတစ်ခုပါ။ ဒါပေမယ့် ဒီလိုနိုင်ပွဲတွေမှာ သာယာမနေကြဖို့နဲ့ နယူးကာဆယ်နဲ့ပွဲစဉ်အတွက် အဆင်သင့်ပြင်ထားကြဖို့ ကောင်လေးတွေကို ကျွန်တော် သတိပေးခဲ့ပါတယ်။ ဒါကပဲ ကျွန်တော်တို့ လုပ်သွားရမယ့် တစ်ခုတည်းသော အရာဖြစ်ပါတယ်။ တစိုက်မက်မက်ရှေ့ဆက်ပြီး ဘာကိုမှခေါင်းထဲမထည့်ထားဖို့ပါပဲ။ ပြီးတော့ ဗုဒ္ဓဟူးနေ့ပွဲစဉ်မှာလည်း ကျွန်တော်တို့အတွက် အသင်းပရိသတ်တွေ အကောင်းဆုံးပုံစံမှာရှိနေကြဖို့ လိုအပ်ပါတယ်”လို့ ပြောပါတယ်။
အခုသီတင်းပတ်ကုန်၊ လီဗာပူးရဲ့နိုင်ပွဲနဲ့အတူ အာဆင်နယ်ရဲ့ဝက်စ်ဟမ်းကိုရှုံးနိမ့်မှုတွေက မာဆေးဆိုဒ်ကလပ်ကို အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ၁၁ မှတ်အထိ အသာစီးရရှိအောင် ပြုလုပ်ပေးခဲ့ပါတယ်။ ကြိုးကြာနီတွေက သူတို့ရဲ့ဒုတိယအကြိမ်မြောက်ပရီးမီးယားလိဂ်ချန်ပီယံဆုဆီ တဖြည်းဖြည်းချဉ်းကပ်လာသလို ဗန်ဒိုက်ကိုယ်တိုင်လည်း ဒီခရီးလမ်းရဲ့ဗဟိုချက်မှာ ရှိနေပါတယ်။
လီဗာပူးအသင်းပရိသတ်တွေအတွက် လာမယ့်ဗုဒ္ဓဟူးနေ့၊ အန်ဖီးလ်မှာ နယူးကာဆယ်ကို ဧည့်ခံကစားမယ့်ပွဲစဉ်အတွင်း သူတို့ရဲ့အသင်းကို အော်ဟစ်အားပေးနိုင်ဖို့ အခွင့်အရေးတစ်ခု ရရှိပါလိမ့်မယ်။