The network connection is lost.

Banner Image

ကိန်းရဲ့ပင်နယ်တီစွမ်းဆောင်ရည်ကို အံ့အားသင့်နေတဲ့ ဘိုင်ယန်ဥက္ကဌ ဟေနီယာ

ဘိုင်ယန်အသင်းအမှုဆောင် ဟေနီယာက တိုက်စစ်မှူး ကိန်းရဲ့ပင်နယ်တီစွမ်းဆောင်ရည်ကို အံ့အားသင့်နေပါတယ်။ ကိန်းဟာ ဝါဒါဘရီမင်ကို ၃ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ပင်နယ်တီကနေ ၂ ဂိုးအထိသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းမှာ မူစီယာလာ နဲ့ ကိန်းတို့အခွင့်အရေးရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒုတိယပိုင်းစတင်ပြီး ၁၀ မိနစ်အကြာမှာ ဘိုင်ယန်အသင်းပင်နယ်တီရရှိခဲ့ပြီး ကိန်းက အဆိုပါပင်နယ်တီကို အမှားအယွင်းမရှိအဆုံးသတ်နိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီးမှာလည်း ဘိုင်ယန်ဟာ နောက်ထပ်တစ်ကြိမ်ပင်နယ်တီထပ်ရခဲ့ပြီး အဆိုပါပင်နယ်တီကို ကိန်းကပဲ ထပ်မံအဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ ပင်နယ်တီ ၂ ဂိုးကြောင့် ကိန်းတစ်ယောက် ဒီရာသီပင်နယ်တီ ၁၂ ကြိမ်အထိသွင်းယူထားနိုင်ခဲ့ပြီး တတိယမြောက်ဂိုးကို ဆာနေးက ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာ ဘိုင်ယန်ဥက္ကဌ ဟေနီယာက ကိန်းရဲ့ပင်နယ်တီစွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပါတယ်။ “ဒီအရည်အချင်းက သူ့မှာရှိနေတဲ့အရည်အချင်းပါ။ အခြားသူတွေဆိုရင် သူ့လိုမျိုး တည်တည်ငြိမ်ငြိမ်နဲ့အဆုံးသတ်နိုင်မှာမလားဆိုတာ ကျွန်တော်မသိပါဘူး”လို့ ဟေနီယာက ပြောကြားခဲ့ပါတယ်။ ဘိုင်ယန်အသင်းနည်းပြ ကွန်ပနီကလည်း ကိန်းရဲ့လွှမ်းမိုးနိုင်မှုကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “ကိန်း ဘာလုပ်နိုင်လဲဆိုတာ ကျွန်တော်မြင်ပါတယ်။ ပွဲအတွင်းမှာတင်မဟုတ်ပဲ လေ့ကျင့်ခန်းအစီအစဉ်မှာပါ လုပ်နိုင်ပါတယ်။ အဲ့တာက တိုက်ဆိုင်မှုမဟုတ်ပါဘူး။ အဲ့နောက်ကွယ်မှာ အလုပ်အများကြီးလုပ်ထားတယ်ဆိုတာကို မြင်နိုင်ပါတယ်”လို့ ဘယ်လ်ဂျီယံသားက ပြောကြားခဲ့ပါတယ်။

ကိန်းဟာ ဘွန်ဒက်စ်လီဂါမြေမှာ မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့ပြီး ၂၅ နှစ်အတွင်း ဘွန်ဒက်စ်လီဂါ ၁ ရာသီတည်းမှာ ပင်နယ်တီ ၉ ကြိမ်သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ အဲ့စံချိန်ကို ယခင်တုန်းက ၁၉၉၉ - ၂၀၀၀ ခုနှစ်မှာ ဂျော့ချ်ဘတ်က တင်ထားခဲ့တာဖြစ်ပြီး လက်ရှိစံချိန် ၁၀ ဂိုးအထိတင်ထားနိုင်တဲ့ကစားသမားအဖြစ် ပေါလ်ဘရစ်တနာက ရပ်တည်နေပါတယ်။ ဘိုင်ယန်ဟာ အခုနိုင်ပွဲအပြီးမှာ ချန်ပီယံလိဂ်ပွဲအတွက် အာရုံစိုက်နေပြီး လာမယ့်ဗုဒ္ဓဟူးနေ့မှာ ဆဲလ်တစ်အသင်းနဲ့ ခြေစစ်ပွဲကန်ရမှာဖြစ်ပါတယ်။ အဲ့နောက် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ဘိုင်ယန်ဟာ ချန်ပီယံဆုအတွက် လေဗာကူဆင်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။