
မိုင်နူးကို ယခုနွေရာသီအတွင်း အငှားချမှာမဟုတ်တဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ကိုဘီမိုင်နူးဟာ အိုးလ်ထရက်ဖို့ဒ်မှာ နေရာရဖို့ ရုန်းကန်နေရတာကြောင့် အငှားစာချုပ်နဲ့ထွက်ခွာလိုကြောင်း တောင်းဆိုခဲ့ပေမယ့် ယူနိုက်တက်ဘက်က တောင်းဆိုမှုကိုငြင်းဆန်ပြီး အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းဖို့ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။
ယူနိုက်တက်ဟာ မိုင်နူးကို အသင်းအတွက်အဖိုးတန်ကစားသမားတစ်ယောက်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး နေရာအတွက်တိုက်ပွဲဝင်ဖို့ တွန်းအားပေးခဲ့တယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။ အပြောင်းအရွှေ့ဈေးကွက်က လာမယ့်တနင်္လာနေ့မှာ ပိတ်သိမ်းမှာဖြစ်လို့ ကစားသမားအနေနဲ့ သူ့ရဲ့အနာဂတ်ကို လာမယ့်ရက်ပိုင်းအတွင်းမှာပဲ ဆုံးဖြတ်သွားရတော့မှာဖြစ်ပါတယ်။
မိုင်နူးဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က ဂရင်းစ်ဘီတောင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်ဖလား ဒုတိယအဆင့်ပွဲစဉ်မှာ ယူနိုက်တက်အတွက် ဒီရာသီပထမဆုံးအကြိမ်ပါဝင်ခွင့်ရခဲ့ပြီး မိနစ် ၉၀ လုံးကစားခွင့်ရခဲ့ပါတယ်။ သို့သော်လည်း အင်္ဂလန်လက်ရွေးစင်ဟာ အာဆင်နယ်၊ ဖူလ်ဟမ်တို့နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ လူစားဝင်ကစားသမားအဖြစ်နဲ့တောင် ပါဝင်ခွင့်မရခဲ့ပါဘူး။
မိုင်နူးကို ယခုရာသီမှာဘာကြောင့်အသုံးမပြုတာလဲဆိုတဲ့မေးခွန်းကိုတော့ အာမိုရင်က လူငယ်ကြယ်ပွင့်ဟာ အသင်းခေါင်းဆောင်ဖာနန်ဒက်စ်နဲ့ နေရာအတွက်တိုက်ပွဲဝင်သွားရမယ်လို့ ပြန်လည်ဖြေကြားထားပါတယ်။ မိုင်နူးဟာ ယူနိုက်တက်နဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးပြီး သဘောတူညီချက်တွေအရ နောက်ထပ် ၁၂ လသက်တမ်းတိုးခွင့်လည်းရှိနေပါတယ်။
အသက်-၂၀ နှစ်အရွယ်ကစားသမားဟာ ယူနိုက်တက်မှ အပြီးသတ်ထွက်ခွာလိုခြင်းမရှိတာကြောင့် ယခုအခါမှာ အငှားနဲ့ထွက်ခွာခွင့်ရဖို့ တောင်းဆိုခဲ့ပေမယ့် ပယ်ချခံခဲ့ရတာဖြစ်ပါတယ်။ ယခုရာသီအတွင်း ယူနိုက်တက်ဟာ ဥရောပဝင်ခွင့်မရခဲ့သလို၊ ကာရာဘောင်ဖလားပြိုင်ပွဲကနေလည်း ထွက်ခွာခဲ့ရပြီဖြစ်တာကြောင့် ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားပြိုင်ပွဲတွေသာ ကစားသွားရတော့မှာဖြစ်ပါတယ်။
မိုင်နူးအနေနဲ့ ဖာနန်ဒက်စ်နဲ့အပြိုင် ပရီးမီးယားလိဂ်မှာနေရာအတွက်တိုက်ပွဲဝင်သွားရမှာဖြစ်လို့ ပုံမှန်နေရာရဖို့တော့ မသေချာတဲ့အခြေအနေမှာရှိနေပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလက ယူနိုက်တက်ကို စတင်ဦးဆောင်ခဲ့တဲ့အာမိုရင်ဟာ လက်ရှိကိုင်တွယ်ထားတဲ့ ၄၅ ပွဲအတွင်း မိုင်နူးကို ၁၆ ပွဲသာ ပွဲထုတ်ထားခဲ့တာဖြစ်ပါတယ်။
လာမယ့်နွေရာသီမှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပသွားမှာဖြစ်လို့ မိုင်နူးအနေနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းမှာရွေးချယ်ခံလိုပါက ပုံမှန်ပွဲထွက်ခွင့်ရဖို့လိုအပ်တာကြောင့် ယူနိုက်တက်မှာပဲ ဆက်နေပြီး နေရာရဖို့ တိုက်ပွဲဝင်မလား အသင်းသစ်သို့ ထွက်ခွာသွားမလားဆိုတာ လာမယ့် ရက်ပိုင်းအတွင်း စောင့်ကြည့်ရမှာဖြစ်ပါတယ်။