
The network connection is lost.

ယမန်နေ့ညဦးပိုင်း၊ G Tech Community ကွင်းကြီးမှာ ဘရန့်ဖို့ဒ်ကို ၁-၄ ဂိုးဖြင့် အလွယ်တကူအနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အတွင်း သွင်းဂိုးတစ်ဂိုးအပြင် အနိုင်သုံးမှတ်အပြည့် ရယူနိုင်ခဲ့လို့ လီဗာပူးကွင်းလယ်လူမက်အယ်လစ္စတာ ပျော်ရွှင်ကျေနပ်နေပါတယ်။
ဒုတိယပိုင်းပွဲချိန်စတင်ပြီး မကြာခင်မှာပဲ မက်အယ်လစ္စတာက လီဗာပူးအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ပထမပိုင်းပွဲချိန် ၃၅ မိနစ်မှာ ဒါဝင်နူနက်ဇ်က မာဆေးဆိုဒ်ကလပ်အတွက် အဖွင့်ဂိုးသွင်းယူခဲ့တာပါ။
လူစားဝင်ကစားသမားတွေဖြစ်တဲ့ မိုဆာလက်နဲ့ ဂတ်ပိုတို့ရဲ့ သေသပ်တဲ့အဆုံးသတ်မှုတွေက ယာဂန်ကလော့ပ်အသင်းကို နိုင်ပွဲရရှိဖို့ လုံလောက်ခဲ့ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နေခဲ့ပါတယ်။
ပွဲစဉ်အပြီး TNT Sports သတင်းဌာနနဲ့တွေ့ဆုံချိန် မက်အယ်လစ္စတာက “ဘောလုံးပွဲစဉ်တွေမှာ အနိုင်ရရှိဖို့က ကျွန်တော်တို့အတွက် ဘယ်လောက်တောင်အဓိပ္ပါယ်ရှိနေသလဲဆိုတာ ခင်ဗျားတို့ မြင်တွေ့နိုင်ပါလိမ့်မယ်။ ဒါကပဲ ကျွန်တော်တို့ လိုချင်တဲ့၊ ကြိုးစားနေတဲ့ အရာဖြစ်ပါတယ်။ ကျွန်တော်တို့က အရမ်းခက်ခဲကြမ်းတမ်းတယ်လို့ လူသိများတဲ့ ကွင်းကြီးတစ်ခုမှာ သွားရောက်ယှဉ်ပြိုင်ကစားရတာပါ။ ကျွန်တော်တို့ သုံးမှတ်အပြည့်ရရှိလိုက်လို့ အရမ်းပျော်ရွှင်ရပါတယ်။ ကျွန်တော်တို့ ရှေ့ဆက်ရပါဦးမယ်”လို့ ပြောပါတယ်။
မိုဆာလက်ရဲ့သေသေသပ်သပ်ဖန်တီးပေးလာမှုကို ကမ္ဘာ့ဖလားဆုရှင်က ဘရန့်ဖို့်ဒ်ဂိုးဧရိယာအတွင်းထိ ဝင်ရောက်ပြီး ဂိုးသမားဖလက်ကင်ကို လှည့်စားကာ သွင်းယူခဲ့ပါတယ်။
အသက်-၂၅ နှစ်အရွယ် ကစားသမားက “ကျွန်တော်က အာဂျင်တီးနားအတွက် နံပါတ်-၁၀ Role မှာ ကစားခဲ့ဖူးလို့ ဒီနေရာက ဘယ်လိုအဓိပ္ပါယ်ဆောင်သလဲဆိုတာကို ကောင်းကောင်းသိပါတယ်။ ကျွန်တော်က ဂိုးသွင်းဖို့နဲ့ ဂိုးဖန်တီးပေးဖို့ ကြိုးစားပါတယ်။ ဒါက အရမ်းအရေးကြီးပါတယ်။ အမှန်ပါပဲ၊ အရေးအကြီးဆုံးအရာဖြစ်တဲ့ အနိုင်သုံးမှတ်အပြင် ကျွန်တော်ကိုယ်တိုင်လည်း ဂိုးသွင်းယူနိုင်လို့ အရမ်းပျော်ရွှင်ကျေနပ်မိပါတယ်။ ကျွန်တော့်ရဲ့စိတ်ကူးက ဘောလုံးကို နားလည်ထားပြီး လိုအပ်နေတဲ့နေရာမှာ ပါဝင်ကစားပေးရင်း အသင်းကိုကူညီပေးဖို့ပဲဖြစ်တယ်လို့ ကျွန်တော် အမြဲပြောဖြစ်ခဲ့ပါတယ်။ နံပါတ်-၆ နေရာလား၊ နံပါတ်-၁၀ Role လား၊ နံပါတ်-၉ လား ဘာပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ အကောင်းဆုံးဖြစ်နေဖို့ပဲ ကျွန်တော်ကြိုးစားပါတယ်။ ကျွန်တော့်ရဲ့ခံစားချက်တွေ အရမ်းကောင်းနေပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။
ပထမပိုင်းပွဲချိန်မပြီးဆုံးခင်မှာပဲ ဒဏ်ရာရသွားတဲ့ ဂျိုတာရဲ့နေရာမှာ လူစားဝင်ကစားတဲ့ မိုဆာလက်က ပွဲချိန် ၆၈ မိနစ်မှာ ဧည့်သည်တွေအတွက် တတိယမြောက်ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါက အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွင်း ဒဏ်ရာ ရရှိခဲ့လို့ ကာလအတန်ကြာ အနားယူခဲ့ရတဲ့ အီဂျစ်သားအတွက် အလေးအနက်ပြန်လာနိုင်မှုအဖြစ် သက်သေပြနေပါတယ်။
မိုဆာလက်နဲ့ပတ်သက်လို့ မက်အယ်လစ္စတာက “မိုဆာလက်ဟာ အံ့အားသင့်စရာကောင်းပြီး သူ့အတွက်လည်း ကျွန်တော်ပျော်ရွှင်မိပါတယ်။ သူ ကာလအတန်ကြာ အနားယူခဲ့ရပြီး ဒီအတွက် သူကိုယ်တိုင်လည်း စိတ်ပျက်နေခဲ့ပါတယ်။ ဒါပေမယ့် မိုဆာလက်ပြန်လာချိန် မိနစ်အနည်းငယ်အတွင်း သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုကို ယူဆောင်လာခဲ့ပါတယ်။ သူက အံ့ဖွယ်ကစားသမားဖြစ်သလို ကျွန်တော်တို့အတွက် အံ့ဖွယ်ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ အရမ်းအရေးပါသူတစ်ဦးပါ။ မိုဆာလက်အတွက် ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်”လို့ ဆိုပါတယ်။