The network connection is lost.

Banner Image

ဒဏ်ရာပြင်းထန်တာကြောင့် ယူနိုက်တက်ရဲ့ လက်ကျန်ရာသီပွဲစဉ်တွေကို လွဲချော်သွားနိုင်တဲ့ လုခ်ရှော

မန်ချက်စတာယူနိုက်တက် ဘယ်နောက်ခံလူ လုခ်ရှောဟာ ပြီးခဲ့တဲ့ အပတ်က လူတန်တောင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ခြေသလုံးကြွက်သားဒဏ်ရာ ရရှိခဲ့ပြီး ပထမပိုင်းမှာတင် လူစားလဲခံခဲ့ရတဲ့အပြင် ယခုအခါမှာ ဒဏ်ရာပြင်းထန်တာကြောင့် အသင်းရဲ့လက်ကျန်ရာသီပွဲစဉ်တွေကို လွဲချော်နိုင်ချေရှိနေပါတယ်။
 
ပထမပိုင်းပြီးကာနီးမှာ ဒဏ်ရာ ရရှိသွားတဲ့နောက်ခံလူဟာ အသင်းရဲ့ ဥမင်လှိုဏ်ခေါင်းထဲကို တစ်ခါတည်းဆင်းသွားခဲ့ပြီး ဆေးကုသမှုခံယူခဲ့ရတာဖြစ်ပါတယ်။ ပေါင်ကြွက်သားပြဿနာကြောင့် ရာသီအစမှာကတည်းက ၃ လလောက်အနားယူခဲ့ရတဲ့ အသက်-၂၈ နှစ်အရွယ် ကစားသမားဟာ ယခုအခါမှာ နောက်ထပ် ၃ လလောက် ထပ်မံအနားယူရတော့မှာဖြစ်ပါတယ်။
 
အသင်းနည်းပြ အဲရစ်တန်ဟက်အနေနဲ့ ထိပ်ဆုံး ၄ သင်းဝင်နိုင်ဖို့ အသည်းအသန်ကြိုးစားနေရချိန်မှာ လုခ်ရှောရဲ့ဒဏ်ရာက ခေါင်းကိုက်စရာတစ်ခုဖြစ်လာနိုင်ပါတယ်။ ကစားသမားဟာ ယူနိုက်တက်ရဲ့ ပွဲစဉ် ၁၃ ပွဲလောက်ကိုလွဲချော်သွားမှာဖြစ်ပြီး နောက်ခံလူ မာလာစီယာကလည်း အခုချိန်အထိ ပြန်လည်ကစားနိုင်ခြင်းမရှိသေးပါဘူး။
 
လုခ်ရှောရဲ့ဒဏ်ရာဟာ ယူနိုက်တက်အတွက်သာမက ယခုနွေရာသီ ယူရိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ဂါရတ်ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းအတွက်လည်း ထိုးနှက်ချက်တစ်ခုဖြစ်လာနိုင်ပါတယ်။ သို့သော်လည်း တန်ဟက်အတွက်ကတော့ ပိုမိုထိခိုက်နိုင်ပြီး ဒီရာသီမှာ ယူနိုက်တက်ဟာ နောက်တန်းဒဏ်ရာပြဿနာတွေနဲ့ အဆက်မပြတ်ကြုံတွေ့နေရတာဖြစ်ပါတယ်။
 
ဗဟိုနောက်ခံလူတစ်ဦးဖြစ်တဲ့ လီဆန်ဒရိုမာတီနက်ဇ်ကလည်း ဒူးအရွတ်ဒဏ်ရာကြောင့် ၈ ပတ်လောက်အထိအနားယူရမှာဖြစ်ပါတယ်။ လုခ်ရှောရဲ့နေရာမှာအစားထိုးနိုင်ဖို့က တန်ဟက်အတွက် ခက်ခဲတဲ့ပြဿနာဖြစ်နေပြီး တိုင်ယဲလ်မာလာစီယာကတည်း ဒူးဒဏ်ရာခွဲစိတ်ကုသထားတာကြောင့် ပြန်လည်ကစားနိုင်ခြင်းမရှိသေးပါဘူး။
 
ပြီးခဲ့တဲ့လက ယူနိုက်တက်ဟာ တော့တင်ဟမ်ကနေ အငှားနဲ့ခေါ်ယူထားခဲ့တဲ့ ဆာဂျီယိုရီဂူလွန်ကို ပြန်လည်စေလွှတ်ခဲ့သော်လည်း လင်ဒီလော့ဖ်နဲ့ အမ်မရာဘတ်တို့က ဘယ်နောက်ခံနေရာမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။
 
ယူနိုက်တက်က “လုခ်ရှောဟာ ကြွက်သားဒဏ်ရာကြောင့် ကာလရှည်အနားယူရတော့မှာ ဖြစ်ပါတယ်။ ဒဏ်ရာအတိမ်အနက်ကို တိတိကျကျသိရဖို့ အကဲဖြတ်မှုတွေလုပ်ရဦးမှာ ဖြစ်ပေမယ့် လက်ရှိယူဆချက်တွေအရ လအနည်းငယ်ကြာ အနားယူရနိုင်တယ်လို့ မျှော်လင့်ထားပါတယ်” လို့ထုတ်ပြန်ကြေညာထားပါတယ်။