
The network connection is lost.

ချဲလ်ဆီးတိုက်စစ်မှူး လူကာကူက နည်းပြ ကွန်တီဟာ ကစားသမားဘ၀ လက်တွဲခဲ့ဖူးသမျှထဲမှာ အကောင်းဆုံးနည်းပြဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ကွန်တီဟာ ဘယ်လ်ဂျီယံသားတစ်ယောက် အင်တာမီလန်မှာ အကောင်းဆုံးစွမ်းဆောင်ရည်ရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။
လူကာကူဟာ ၂၀၂၁ ရာသီမှာ အင်တာမီလန်အသင်းကို စီးရီးအေ ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ၂၄ ဂိုးသွင်း၊ ၁၁ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အဲ့နောက် လူကာကူဟာ ချဲလ်ဆီးအသင်းထံ ပေါင် ၉၇ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးအသင်းမှာ ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် အခုနွေရာသီမှာ လမ်းခွဲဖို့ ပြင်ဆင်နေပြီး နာပိုလီနည်းပြသစ် ကွန်တီက လူကာကူကို ခေါ်ယူချင်နေပါတယ်။
လူကာကူက အင်တာဗျူးတစ်ခုမှာ ကွန်တီဟာ သူလက်တွဲခဲ့ဖူးသမျှနည်းပြတွေထဲမှာ အကောင်းဆုံး နည်းပြဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဆိုပါအချက်ကိုမေးမြန်းချိန်မှာ လူကာကူက အီတလီသားနာမည်ကို တွေဝေခြင်းမရှိပဲ ဖြေကြားခဲ့တာဖြစ်ပါတယ်။
အသက် ၃၁ နှစ်သားဟာ ကွန်တီ၊ တူချယ်၊ ဆိုးလ်ရှား၊ မာတီနက်ဇ်၊ အင်ဇာဂီစတဲ့နည်းပြကြီးတွေလက်အောက်မှာ ကစားခဲ့ဖူးတာဖြစ်ပါတယ်။ ကွန်တီကို ရွေးချယ်ခဲ့တာကြောင့် နာပိုလီအသင်းထံ လူကာကူပြောင်းနိုင်ဖို့ သတင်းတွေကြီးလာပါတယ်။ “ကွန်တီနဲ့ကျွန်တော့်ကြား ဆက်ဆံရေးက အဆင်ပြေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ကွန်တီဟာ ဗုဒ္ဓဟူးနေ့တုန်းက နာပိုလီအသင်းနည်းပြသစ်ဖြစ်လာခဲ့ပြီး ဒီမာဇီယိုက ကွန်တီဟာ လူကာကူကို ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဘယ်လ်ဂျီယံသားကို အေစီမီလန်နဲ့ ရိုးမားတို့ကလည်း ချိတ်ဆက်နေသလို ဆော်ဒီမြေကလည်း ချိတ်ဆက်နေပါတယ်။
“ဆော်ဒီက ကျွန်တော့်ကိုမရပ်တန့်နိုင်ပါဘူး။ သူတို့ဘောလုံးအဆင့်အတန်းက တိုးတက်လာပါတယ်။ လူတွေတွေးတာထက်ပို တိုးတက်လာပါတယ်။ ကစားသမားတော်တော်များများက အဲ့မှာကစားချင်နေကြပါပြီ။ ပရိသတ်တွေကလည်း အတွေ့အကြုံရှိလာသလို အခြေခံအဆောက်အအုံတွေတော့ လိုအပ်ချက်ရှိနေဆဲပါ။ ဥရောပအသင်းတော်တော်များများကလည်း ဆော်ဒီကလာနေပြီဆိုတာ သိပါတယ်။ လက်ဝှေ့ ၊ ဂေါ့ဖ် ၊ ဖော်မြူလာဝမ်းတို့က နမူနာရှိနေပါပြီ”လို့ လူကာကူက ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီတုန်းကလည်း လူကာကူကို ဆော်ဒီမြေက ချိတ်ဆက်ခဲ့သေးတာဖြစ်ပါတယ်။ လူကာကူဟာ ဘယ်လ်ဂျီယံအသင်းဖော် ကာရက်စ်ကိုနဲ့ ဆော်ဒီမြေအကြောင်း စကားပြောဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။