The network connection is lost.

Banner Image

နာပိုလီဆီပြောင်းရွှေ့လာဖို့ ဒီဘရိုင်းကို မစည်းရုံးခဲ့ဘူးလို့ ဆိုလိုက်တဲ့ လူကာကူ

လူကာကူက နာပိုလီဆီပြောင်းရွှေ့လာဖို့အတွက် ဒီဘရိုင်းကိုစည်းရုံးဖို့ လုံးဝမလိုအပ်ခဲ့သလို ကွန်တီကိုယ်တိုင်လည်း အရင်ထက်ပိုပြီးကြမ်းတမ်းလာတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီ၊ နေပယ်လ်ဒေသဆီရောက်ရှိလာတဲ့ တိုက်စစ်မှူးက အင်တာမီလန်မှာ ကွန်တီနဲ့လက်တွဲခဲ့ချိန်လိုပဲ နာပိုလီကို စကူဒက်တိုချန်ပီယံဖြစ်လာအောင် အဓိကအခန်းကဏ္ဍတစ်ခုအဖြစ် အသုံးတော်ခံခဲ့ပါတယ်။ အခုအချိန်မှာတော့ သူက နိုင်ငံ့လက်ရွေးစင်အသင်းဖော်ဒီဘရိုင်းကိုလည်း စီးရီးအေဘောလုံးလောကရဲ့ ပျော်ရွှင်မှုအရသာတွေခံစားသွားနိုင်ဖို့ မျှော်လင့်နေပါတယ်။ 

Sky Sport Italia နဲ့တွေ့ဆုံမေးမြန်းခန်းမှာ အသက်-၁၃ နှစ်အရွယ်ကတည်းက သိကျွမ်းခဲ့တဲ့ ဒီဘရိုင်းနဲ့ပတ်သက်ပြီး လူကာကူက “ ကျွန်တော်က သူ့အတွက် အကြံဉာဏ်ပေးရတာမျိုး၊ စည်းရုံးလှုပ်ရှားပေးရတာမျိုး မလိုအပ်ခဲ့ပါဘူး။ ဒီဘရိုင်းဟာ အလွန်ထက်မြက်ထူးချွန်သူတစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့မိသားစုနဲ့ပဲ အဓိကပတ်သက်ပါတယ်။ မန်စီးတီးနဲ့ ဘယ်လ်ဂျီယံမှာ လုပ်ပြခဲ့သလိုမျိုး နာပိုလီမှာလည်း လုပ်ပြသွားဖို့ ဒီဘရိုင်းဆီ ကျွန်တော်တောင်းဆိုခဲ့ပါတယ်။ ဒီအသင်းမှာ သူရှိနေလို့ ကျွန်တော်အရမ်းပျော်ရွှင်မိပါတယ်။ ဒါပေမဲ့ ဒီအသင်းဆီ သူရောက်ရှိလာတာ သူ့ရဲ့ဆုံးဖြတ်ချက်သက်သက်ပဲ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

ကွန်တီနဲ့အတူ အလုပ်တွဲလုပ်ရမယ့်ကိစ္စကလည်း အမေရိကန်မေဂျာလိဂ်နဲ့ ဆော်ဒီပရိုလိဂ်တို့ရဲ့ အကျိုးအမြတ်ပိုများမယ့်ကမ်းလှမ်းမှုတွေထက် နာပိုလီကိုရွေးချယ်ဖို့အတွက် ဒီဘရိုင်းရဲ့အဓိကအကြောင်းရင်းတွေအနက် တစ်ခုဖြစ်ခဲ့ပါတယ်။ လူကာကူက “ (ရယ်မောလျက်) ကွန်တီက အရင်ထက်တောင် ပိုပြီးကြမ်းလာပါပြီ။ ဒါက သဘာဝကျပါတယ်။ ကွန်တီဆိုတာ သူကိုယ်တိုင်နဲ့ သူ့ရဲ့ကစားသမားတွေ တိုးတက်လာဖို့အတွက် အမြဲတမ်းကြိုးစားနေတဲ့နည်းပြတစ်ဦးလေ။ ကျွန်တော်တို့ရဲ့စိတ်ထဲမှာလည်း နေ့တိုင်း ကိုယ့်ရဲ့အကောင်းဆုံးပုံစံကို ထုတ်ပြသွားမယ်ဆိုတဲ့ဆန္ဒပဲ ရှိပါတယ်။ ကျွန်တော်တို့တွေ အလုပ်ကို အကောင်းဆုံးလုပ်နိုင်နေတယ်လို့ပဲ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အားလုံး ဒီထက်ပိုပြီး လုပ်သွားနိုင်ရမယ်လို့လည်း သိထားကြပါတယ်”လို့ ဆက်ပြောပါတယ်။