ဆာရီအတွက် လမ်းဖွင့်ပေးနို်ငဖို့ အတ္တလန္တာနဲ့ နည်းပြပေါလာဒီနိုတို့ လမ်းခွဲ
အတ္တလန်တာအသင်းက အသင်းမှာ ကာလတိုရှိခဲ့ဖူးတဲ့ နည်းပြရာဖေးလ်ပေါလာဒီနိုနဲ့ လမ်းခွဲလိုက်ပြီလို့ အင်္ဂါနေ့မှာ တရားဝင်ကြေညာခဲ့ပါတယ်။
အသက် ၄၂ နှစ်အရွယ်နည်းပြက ဘာဂိုမိုဒေသအခြေစိုက်ကလပ်အသင်းကို ၃၉ ပွဲ တာဝန်ယူကိုင်တွယ်ခဲ့ပြီး အစောပိုင်းမှာ အခက်အခဲကြုံခဲ့ပေမဲ့ စီးရီးအေအမှတ်ပေးဇယားသတ္တမနေရာနဲ့ ရာသီသိမ်းနိုင်အောင် ကူညီပေးခဲ့ပါတယ်။
ပေါလာဒီနိုက ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း အမှတ်ပေးဇယားအောက်ခြေနားမှာ ရုန်းကန်နေရတဲ့ အသင်းဆီ အိုဗန်ယူရစ်ရဲ့နေရာကို အစားထိုးဖို့ ရောက်ရှိလာပါတယ်။
သူက ရလဒ်ကောင်းအချို့ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမဲ့လည်း အတ္တလန္တာအသင်းကို နည်းပြဟောင်းဂတ်စ်ပါရီနီလက်ထက် အဆင့်အတန်းမျိုးဆီ ရောက်ရှိအောင် မကူညီနိုင်ခဲ့ပါဘူး။
အတ္တလန္တာရဲ့ပြီးခဲ့တဲ့ရာသီ၊ ချန်ပီယံလိဂ်ခရီးစဉ်ကလည်း ၁၆ သင်းအဆင့်မှာတင် ဘိုင်ယန်မြူးနစ်ကို နှစ်ကျော့ပေါင်းရလဒ် ၁၀-၂ ဂိုးဖြင့် အပြတ်အသတ်ရှုံးနိမ့်ပြီး ရပ်တန့်သွားခဲ့ပါတယ်။
အီတလီမီဒီယာတွေရဲ့ဖော်ပြချက်အရ လာဇီယို၊ ဂျူဗင်တပ်စ်နဲ့ ချဲလ်ဆီးနည်းပြဟောင်းဆာရီက ပေါလာဒီနိုရဲ့နေရာကို အစားထိုးဖို့ ရေပန်းစားနေတယ်လို့ သိရပါတယ်။ အသက် ၆၇ နှစ်အရွယ်ဆာရီက လတ်တလောမှာ လာဇီယိုအသင်းနဲ့ နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းခဲ့ပါတယ်။