The network connection is lost.

Banner Image

ဘရက်စ်ကို ၇ ဂိုးပြတ်အနိုင်ယူပြီးနောက် ပီအက်စ်ဂျီရဲ့ စိတ်ဓာတ်ပိုင်းကို ချီးကျူးလိုက်တဲ့ အင်းနရစ်

ပီအက်စ်ဂျီနည်းပြ လူးဝစ်အင်းနရစ်က ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပလေးအော့ဖ် ဒုတိယအကျော့ပွဲစဉ်မှာ ပြည်တွင်းလီဂူးဝမ်းပြိုင်ဘက် ဘရက်စ်ကို ၇-၀ နဲ့ဂိုးပြတ်အနိုင်ယူပြီးနောက် အသင်းရဲ့ သွင်းဂိုးဆာလောင်မှုနဲ့ စွမ်းဆောင်ရည်ထက်မြက်မှုကို ချီးကျူးပြောဆိုလာခဲ့ပါတယ်။ 

ပီအက်စ်ဂျီဟာ ပထမအကျော့မှာကတည်းက ဘရက်စ်ကို ၀-၃ နဲ့ဂိုးပြတ်အနိုင်ယူထားတာကြောင့် ယခုဒုတိယအကျော့မှာ သက်တောင့်သက်သာပဲကစားပြီး ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်လှမ်းနိုင်ပေမယ့် ကစားအားလုံးဝမချခဲ့ဘဲ ၇ ဂိုးအထိသွင်းယူပြီး ၂ ကျော့ပေါင်းရလဒ်ကို ၁၀-၀ အထိမြှင့်တင်ခဲ့ပါတယ်။ယခုနိုင်ပွဲကြောင့် ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်မှာ ပြိုင်ဘက်ကို ၇ ဂိုးပြတ်သွင်းယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ပွဲအပြီးမှာ လူးဝစ်အင်းနရစ်က "၇ ဂိုးအထိသွင်းနိုင်ခဲ့တယ်ဆိုတာ အသင်းရဲ့ စိတ်ဓာတ်ပိုင်းတိုးတက်မှုနဲ့ ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကို ထင်ဟပ်ပေါ်လွင်စေပါတယ်။ ကစားသမားတွေအနေနဲ့ တစ်ကိုယ်ကောင်းဆန်ခဲ့ကြမယ်ဆိုရင် ဒီပွဲက ဒီလောက်အထိ ဂိုးပြတ်မှာမဟုတ်ပါဘူး။ သူတို့ရဲ့စည်းလုံးမှုကြောင့် ဒီလိုသမိုင်းဝင်နိုင်ပွဲကို ရရှိခဲ့တာပါ။ကျွန်တော် ဒါကို အရမ်းသဘောကျပါတယ်။ နောက်တစ်ဆင့်ကို အကောင်းဆုံးရလဒ်နဲ့တက်ရောက်နိုင်ခဲ့လို့ ကစားသမားတွေအတွက် ဂုဏ်ယူပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး အင်းနရစ်က ၇ ဂိုးအထိခွင့်ပြုခဲ့ရတဲ့ ပြိုင်ဘက်ကလပ် ဘရက်စ်ကိုလည်း ပြင်သစ်နိုင်ငံထဲက အကောင်းဆုံးအသင်းတွေထဲမှတစ်သင်းဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။ စပိန်သားနည်းပြက "ဘရက်စ်နဲ့ရင်ဆိုင်ကစားရတာ ဘယ်တော့မှမလွယ်ကူပါဘူး။ သူတို့ရဲ့ချန်ပီယံလိဂ်မှတ်တမ်းက အထင်ကြီးစရာပါ"

"ဒီနေ့ပွဲမှာ ကျွန်တော်တို့ ပွဲအစကတည်းက ခြေစွမ်းကောင်းခဲ့ပါတယ်။ လုံးဝ သက်တောင့်သက်သာမကစားဘဲ ခွန်အားအပြည့်နဲ့ကစားခဲ့ပါတယ်။ ပြိုင်ဘက်အသင်းကို လေးစားမှုအပြည့်နဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ ဘရက်စ်က ပြင်သစ်ရဲ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းပါ" လို့ပြောကြားခဲ့ပါတယ်။