
အာတီတာရဲ့မှတ်ချက်နဲ့ပတ်သက်ပြီး တုံ့ပြန်လာတဲ့ အင်းနရစ်
ပီအက်စ်ဂျီနည်းပြ အင်းနရစ်က အကောင်းဆုံးအသင်းက အရေးနိမ့်ခဲ့တယ်ဆိုတဲ့ အာတီတာရဲ့မှတ်ချက်နဲ့ပတ်သက်ပြီး သဘောမတူကြောင်း ပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ ပီအက်စ်ဂျီကို ၂ ကျော့ပေါင်းရလဒ် ၃-၁ နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပြီး ဒုတိယအကျော့မှာလည်း ဒွန်နာရမ်မာက လက်စွမ်းကောင်းတွေပြသနိုင်ခဲ့တာဖြစ်ပါတယ်။
အဆိုပါပွဲမှာ ဒွန်နာရမ်မာဟာ မာတီနယ်လီ ၊ အိုဒီဂတ်တို့ရဲ့ကန်ချက်တွေကို လက်စွမ်းပြကာကွယ်နိုင်ခဲ့ပြီး ဟီးရိုးဖြစ်ခဲ့တာဖြစ်ပါတယ်။ အီတလီသားရဲ့လက်စွမ်းပြမှုနဲ့အတူ ပီအက်စ်ဂျီက အိမ်ကွင်းမှာ အာဆင်နယ်ကို ၂-၁ နဲ့အနိုင်ယူပြီး ၂ ကျော့ပေါင်းရလဒ် ၃-၁ နဲ့ ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
အဲ့နောက် အင်တာဗျူးမှာ အာတီတာက “ဒီပြိုင်ပွဲမှာ ကျွန်တော်တို့လောက်ကောင်းတဲ့အသင်းမမြင်မိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ထွက်ခွာခဲ့ရပါတယ်။ ကျွန်တော်တို့ အခုထက်ပိုထိုက်တန်ခဲ့တာပါ။ ဒါပေမယ့် ဒီပြိုင်ပွဲမှာ သူတို့က တိုက်စစ်မှူးကော ဂိုးသမားကော အကုန်ကောင်းခဲ့ပါတယ်။ ကောင်လေးတွေအတွက် ကျွန်တော် ဂုဏ်ယူမိပါတယ်။ သူတို့ ဒဏ်ရာပြဿနာတွေရှိနေပေမယ့် အကောင်းဆုံးလုပ်နိုင်ခဲ့ပြီး ချီးကျူးမှုတွေနဲ့ ထိုက်တန်ပါတယ်။
ကျွန်တော်တို့ အဆိုးဆုံးအခြေအနေနဲ့ ဒီကိုရောက်လာခဲ့တာပါ။ သူတို့မှာက လူတိုင်းကြံ့ခိုင်မှုပြည့်ဝနေသလို ၁ ပတ်လောက်နားနေရပါတယ်။ ကျွန်တော်တို့ကတော့ နားရက်အနည်းငယ်ပဲရခဲ့ပါတယ်။ မှန်ပါတယ်။ ကျွန်တော် ပြောပါမယ်။ ဒီနေ့မှာ ကျွန်တော့်ကစားသမားတွေ ဒီဖလားကို ဘယ်လောက်လိုချင်နေလဲဆိုတာ မြင်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့မျက်ရည်တွေကျခဲ့ပါတယ်။
ကျွန်တော်တို့ ပိုထိုက်တန်ခဲ့ပါတယ်။ ၂ ပွဲစလုံးကို ကြည့်လိုက်မယ်ဆိုရင် သူတို့ဂိုးသမားက အကောင်းဆုံးဖြစ်ခဲ့ပါတယ်။ ချန်ပီယံလိဂ်က ဧရိယာထဲမှာ အဆုံးအဖြတ်ပေးတာပါ။ အဲ့တာကပဲ သူတို့အနိုင်ရခဲ့တာပါ။ ရလဒ်က အရမ်းခြားနားခဲ့ပါတယ်။ အဲ့တာ ကျွန်တော့်ကို ဂုဏ်ယူစေပေမယ့် တစ်ချိန်တည်းမှာ ကျွန်တော်တို့ ဖိုင်နယ်မတက်နိုင်ခဲ့လို့ စိတ်ပျက်မိပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။
အာတီတာရဲ့မှတ်ချက်နဲ့ပတ်သက်ပြီး အင်းနရစ်က “ကျွန်တော် အားလုံးတော့ သဘောမတူပါဘူး။ အာတီတာက သူငယ်ချင်းကောင်းပါ။ ဒါပေမယ့် သူပြောတာအကုန် ကျွန်တော်သဘောမတူပါဘူး။ သူတို့ အကောင်းဆုံးကစားခဲ့ပါတယ်။ သူတို့လိုချင်သလို ကစားနိုင်ခဲ့ပေမယ့် ကျွန်တော်တို့က ဂိုးပိုသွင်းနိုင်ခဲ့ပါတယ်။ အာဆင်နယ်ကစားတာကောင်းပါတယ်။ ပွဲအတွင်းမှာ သူတို့က ကျွန်တော်တို့ကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ဖိုင်နယ်ကိုတော့ ကျွန်တော်တို့ပိုထိုက်တန်ခဲ့ပါတယ်။
သူတို့က အသင်းကောင်းဖြစ်ပေမယ့် ဒုတိယပိုင်းမှာ လုံးဝခြားနားတဲ့ပွဲဖြစ်ခဲ့ပါတယ်။ အာတီတာက ကျွန်တော့်ကို အနိုင်ရလုနီးပါးဖြစ်ခဲ့ပါတယ်။ ဘောလုံးတိုင်းကို သူတို့လိုက်လုနိုင်ခဲ့ပါတယ်။ သူတို့မှာ အရည်အချင်းကောင်းတွေရှိနေပေမယ့် ကျွန်တော်တို့ ပထမပိုင်းမှာ တန်ပြန်တိုက်စစ်ကနေ အသုံးချနိုင်ခဲ့ပါတယ်”လို့ အင်းနရစ်က ပြောကြားခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်ဖိုင်နယ်မှာ အင်တာမီလန်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။