The network connection is lost.

Banner Image

အပြောင်းအရွှေ့ထင်ကြေးတွေကြောင့် လီဗာပူးအသင်းလူစာရင်းမှာ မပါဝင်လာတဲ့ လူးဝစ်ဒီယက်ဇ်

အခုနွေရာသီ၊ အန်ဖီးလ်မှထွက်ခွာနိုင်တယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေ ဆက်လက်ထွက်ပေါ်နေခြင်းကြောင့် ယမန်နေ့ညပိုင်း၊ အေစီမီလန်နဲ့ခြေစမ်းပွဲစဉ်ကို လူးဝစ်ဒီယက်ဇ်လွဲချော်ခဲ့တယ်လို့ လီဗာပူးနည်းပြအန်းစလော့က အတည်ပြုခဲ့ပါတယ်။

ESPN ရဲ့သတင်းရင်းမြစ်တစ်ဦးအဆိုအရ ကိုလံဘီယာလက်ရွေးစင်ကစားသမားဟာ အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ လီဗာပူးမှထွက်ခွာဖို့အပြင် ယူရို ၆၇ သန်းတန်ကမ်းလှမ်းမှုအပေါ် ပရီးမီးယားလိဂ်ချန်ပီယံတွေရဲ့ပယ်ချမှုအပြီး ထပ်မံတိုးမြှင့်ထားတဲ့ ကမ်းလှမ်းမှုတစ်ခုနဲ့အတူ ဘိုင်ယန်မြူးနစ်အသင်း ပြန်လာနိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

အာရှဒေသရာသီကြိုခရီးစဉ်အတွက် လီဗာပူးအသင်းရဲ့ကစားသမား ၂၉ ဦးစာရင်းမှာ ပါဝင်လာပေမယ့် ဒီယက်ဇ်က အေစီမီလန်ကို ၄-၂ ဂိုးဖြင့် အရေးနိမ့်ခဲ့တဲ့ဟောင်ကောင်မြေခြေစမ်းပွဲကိုတော့ မကစားနိုင်ခဲ့ပါဘူး။

သတင်းစာရှင်းလင်းပွဲအတွင်း အန်းစလော့က “ မကြာသေးမီကပဲ ဒီယက်ဇ်နဲ့ပတ်သက်တဲ့ ကောလာဟလတွေ အများကြီးထွက်ပေါ်လာခဲ့ပါတယ်။ ကျွန်တော်ကတော့ အဲ့ဒီလိုအရှုပ်အထွေးဆီ မပါဝင်ချင်ပါဘူး။ သူက ကျွန်တော်တို့နဲ့ အကောင်းဆုံးလေ့ကျင့်ပြင်ဆင်နေပေမယ့် အခုအချိန်မှာ သူ့ကို ပွဲကစားချိန်မပေးဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပါတယ်”လို့ ပြောပါတယ်။

အခုအခြေအနေနဲ့ပတ်သက်လို့ ဒီယက်ဇ်နဲ့ စကားပြောဖြစ်ခဲ့တယ်လို့ အန်းစလော့က အတည်ပြုပါတယ်။ သူက “ ကျွန်တော့်ရဲ့ကစားသမားအများစုနဲ့ ပုံမှန်လိုလို စကားပြောဖြစ်ပါတယ်။ ကျွန်တော်ပြောခဲ့သလိုပါပဲ၊ ဒီယက်ဇ်က အကောင်းဆုံးလေ့ကျင့်ပြင်ဆင်နေပေမယ့် လတ်တလောကစားနေတဲ့ပွဲစဉ်တွေမှာ မပါဝင်စေဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ အခုထက်ပိုပြီးမှတ်ချက်ပေးစရာ မရှိပါဘူး”လို့ ဆက်ပြောပါတယ်။

ဒီယက်ဇ်ထွက်ခွာသွားနိုင်သလားဆိုတဲ့ မေးခွန်းကိုလည်း အန်းစလော့က “ ဒါကိုဖြေကြားပေးရမယ့်သူက ကျွန်တော်မဟုတ်ပါဘူး”လို့ တုံ့ပြန်ခဲ့ပါတယ်။ ဒီယက်ဇ်က ပြီးခဲ့တဲ့ဘောလုံးရာသီ၊ လီဗာပူးအသင်းရဲ့ပရီးမီးယားလိဂ်ချန်ပီယံခရီးလမ်းမှာ သွင်းဂိုး ၁၇ ဂိုးနဲ့အတူ ပါဝင်ကူညီပေးခဲ့ပါတယ်။ ဒါပေမဲ့ အသက်-၂၈ နှစ်အရွယ်ကစားသမားက အသင်းတာဝန်ရှိသူတွေဆီ အသင်းပြောင်းရွှေ့လိုကြောင်း တရားဝင်တင်ပြထားတယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပြပါတယ်။

လီဗာပူးအသင်းက အခုနွေရာသီကာလအစောပိုင်းမှာ ဘာစီလိုနာအသင်းရဲ့ကမ်းလှမ်းမှုတစ်ခုကိုလည်း ပယ်ချခဲ့ဖူးပါတယ်။