The network connection is lost.

Banner Image

မန်စီးတီးနဲ့ ပွဲစဉ် မတိုင်ခင် အဓိက ကစားသမား ၂ ဦးဒဏ်ရာ ရရှိသွားတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ မန်စီးတီးနဲ့ ရင်ဆိုင်ရမယ့် အရေးပါတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် မတိုင်ခင်မှာ အဓိက ကစားသမား  ၂ ဦးဒဏ်ရာပြဿနာနဲ့ကြုံတွေ့ခဲ့ရပါတယ်။

ယနေ့နံနက်အစောပိုင်းက လီဗာပူးဟာ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်အဖြစ် စပါတာပရာဂူးနဲ့ ကစားခဲ့ပြီး ၁-၅ ဆိုတဲ့ရလဒ်နဲ့ အပြတ်အသတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။ ယာဂင်ကလော့ပ်ရဲ့အသင်းဟာ ပရာဂူးကို ဒါဝင်နူနက်ဇ်၊ မက်အလစ္စတာတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ပထမပိုင်းမှာပဲ ၀-၃ နဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

သို့သော်လည်း ဒုတိယပိုင်း အစမှာတော့ နောက်ခံလူ ဂိုမက်ဇ် ဒဏ်ရာ ရရှိသွားပြီး လူငယ်ကစားသမားလေး ကော်နာဘရက်ဒ်လေနဲ့ လူစားလဲခဲ့ရပါတယ်။ ဒါ့အပြင် ပွဲကစားချိန် ၅၀ မိနစ်မှာလည်း နောက်ထပ် နောက်ခံလူတစ်ယောက်ဖြစ်တဲ့ ကိုနာတေး ဒဏ်ရာ ထပ်မံရရှိသွားတာကြောင့် ဗန်ဒိုက်ခ်ကို ထပ်မံထည့်သွင်းခဲ့ရတာဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်ကစားသမားဟာ ကြွက်သားဒဏ်ရာ ရရှိသွားပုံပေါ်ပြီး လီဗာပူးအတွက် ထိုးနှက်ချက်တစ်ခုဖြစ်လာခဲ့ပါတယ်။ သို့သော် ဂိုမက်ဇ်ကိုတော့ ဘာကြောင့် လူစားလဲတယ်ဆိုတာ သိရှိရခြင်းမရှိပေမယ့် ပရိသတ်တွေကတော့ ဒဏ်ရာရရှိသွားတယ်လို့ ယူဆနေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်လောက်ကတည်းက လီဗာပူးဟာ ဒဏ်ရာပြဿနာတွေ ထူထပ်လာခဲ့ပြီး လူစာရင်းအပြည့်အစုံပွဲထုတ်နိုင်ခြင်း မရှိသေးပါဘူး။ ဒဏ်ရာရ ကစားသမားတွေထဲမှာ အလီဆင်ဘက်ကာ၊ အလက်ဇန်းဒါးအာနိုးလ်၊ ဒီယေဂိုဂျိုတာနဲ့ ကာတစ်ဂျုံးစ်တို့ပါဝင်နေပြီး အဆိုပါကစားသမားတွေဟာ ယခု မတ်လကုန်အထိ အနားယူရဖို့ရှိနေတာဖြစ်ပါတယ်။

ဒီရာသီမှာ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်ဖလား ပြိုင်ပွဲတွေမှာ အခြေအနေကောင်းနေပြီး ရနိုင်သမျှဆုဖလားတွေကို သိမ်းပိုက်နိုင်ဖို့ အလားအလာရှိနေတာကြောင့် ကစားသမားတွေကို ရနိုင်သလောက် အသုံးချနိုင်ဖို့ လိုအပ်နေပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာတော့ ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် အဓိကပြိုင်ဘက် မန်ချက်စတာစီးတီးကို အိမ်ကွင်း အန်ဖီးလ်မှာ လက်ခံကစားသွားရမှာဖြစ်ပါတယ်။

အဆိုပါပွဲစဉ် မတိုင်ခင် စနေနေ့မှာ အာဆင်နယ်က ဘရန့်ဖို့ဒ်ကို အနိုင်ရသွားခဲ့ရင်တော့ လီဗာပူးဟာ ဒုတိယနေရာမှာ ရပ်တည်နေမှာဖြစ်ပါတယ်။