
ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေကစားဖို့ အာဂျင်တီးနားအသင်းသို့ပြန်လည်ရောက်ရှိနေတဲ့ မက်ဆီ
အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီဟာ ဒဏ်ရာပြဿနာကြောင့် လက်ရွေးစင်အသင်းနဲ့ ၇ လကြာဝေးကွာနေခဲ့ပြီး ယခုအခါမှာတော့ ကြံ့ခိုင်မှုပြည့်ဝနေတာကြောင့် ချီလီ၊ ကိုလံဘီယာတို့နဲ့ယှဉ်ပြိုင်သွားရမယ့် တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေကစားဖို့ အသင်းသို့ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။
မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် ပြီးခဲ့တဲ့နှစ် ၂၀၂၄ နိုဝင်ဘာလမှာ နောက်ဆုံးကစားပေးခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လက ယှဉ်ပြိုင်ခဲ့တဲ့ အာဂျင်တီးနားရဲ့ပွဲစဉ်တွေကို မက်ဆီဟာ ကြွက်သားဒဏ်ရာကြောင့် လွဲချော်ခဲ့ပေမယ့် ထိုစဉ်က လီယွန်နယ်စကာလိုနီဟာ အသင်းကို ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
ယခုအခါမှာ မက်ဆီဟာ အင်တာမီယာမီနဲ့အတူ ခြေစွမ်းတွေပြန်လည်ပြသထားနိုင်သလို၊ ကြံ့ခိုင်မှုလည်းအားကောင်းနေတာကြောင့် စနေနေ့က ကိုလံဘတ်စ်ခရူးကို ၅-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ၂ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၃ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပါတယ်။ အာဂျင်တီးနားဟာ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုကို ထိပ်ဆုံးကနေဦးဆောင်ထားပြီး ရမှတ် ၃၁ မှတ်အထိ စုဆောင်းထားနိုင်ပါတယ်။
ယခုတစ်ခေါက် လူစာရင်းထဲမှာ အာဂျင်တီးနားဟာ တက်သစ်စလူငယ်ကစားသမားလေးတွေဖြစ်တဲ့ နောက်ခံလူ ကယ်ဗင်လိုမိုနာကို၊ မာရီယာနိုထရွိုင်လိုနဲ့ အသက်-၁၇ နှစ်အရွယ်တိုက်စစ်မှူးလေး ဖရန်ကိုမက်စတန်တူနိုတို့ကိုလည်း လက်ရွေးစင်အသင်းသို့ စတင်စုဆောင်းခဲ့ပါတယ်။ ဒဏ်ရာပြဿနာတွေနဲ့ ပွဲပယ်ပြစ်ဒဏ်တွေကြောင့် ယခုတစ်ခေါက်ပွဲစဉ်တွေမှာ နည်းပြစကာလိုနီအနေနဲ့ လူစာရင်းအပြောင်းအလဲတွေ အများအပြားပြုလုပ်လာဖွယ်ရှိပါတယ်။
လီဗာပူးကွင်းလယ်လူ မက်အလစ္စတာက ဒဏ်ရာပြဿနာကြုံတွေ့နေရသလို၊ ချဲလ်ဆီးကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်နဲ့ ရိုးမားကွင်းလယ်လူ လီအန်ဒရိုပါရီဒက်စ်တို့ကလည်း အဝါကတ်ပြသခံထားပြီး တစ်ပွဲပယ်ခံထားရလို့ အာဂျင်တီးနားရဲ့ကွင်းလယ်မှာ အပြောင်းအလဲတွေမြင်တွေ့ရဖို့ရှိနေပါတယ်။
ပီအက်စ်ဂျီကို ၅-၀ နဲ့ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ဆုဖလားကို ပူပူနွေးနွေးဆုံးရှုံးထားရတဲ့ အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ကတော့ အာဂျင်တီးနားအသင်းသို့ ဗုဒ္ဓဟူးနေ့မှာ ရောက်ရှိလာမယ်လို့သိရပါတယ်။ သို့သော်လည်း ကစားသမားဟာ သောကြာနေ့ ချီလီနဲ့ပွဲစဉ်ကို လွဲချော်သွားမယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။