
၂၀၂၆ ရာသီကုန်အထိ အင်တာမီယာမီနဲ့ သက်တမ်းတိုးဖို့ နီးစပ်နေတဲ့ မက်ဆီ
အင်တာမီယာမီ စူပါစတား လီယွန်နယ်မက်ဆီဟာ အသင်းနဲ့ ၂၀၂၆ ရာသီကုန်အထိ စာချုပ်သက်တမ်းတိုးမြှင့်ဖို့ နီးစပ်နေပြီလို့ The Athletic သတင်းဌာနက ဖော်ပြလာခဲ့ပါတယ်။ မက်ဆီဟာ အင်တာမီယာမီနဲ့ ၂၀၂၃ ခုနှစ်မှာ စတင် စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ၂၀၂၄-၂၅ ရာသီအကုန်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ ယခုအခါမှာတော့ အာဂျင်တီးနားလက်ရွေးစင် အသင်းခေါင်းဆောင်ဟာ မေဂျာလိဂ်မှာ နောက်ထပ်တစ်နှစ်ဆက်လက်နေထိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။
ယခုရာသီဟာ မက်ဆီရဲ့အင်တာမီယာမီကစားသမားဘဝ တတိယမြောက်ရာသီဖြစ်ပြီး ဒီရာသီမေဂျာလိဂ် ၄ ပွဲကစားထားရာမှာ ၃ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ပေးထားနိုင်ပါတယ်။ အင်တာမီယာမီနဲ့ စာချုပ်သက်တမ်းတိုးမြှင့်ဖို့ နီးစပ်ခဲ့တာကြောင့် မက်ဆီဟာ အာဂျင်တီးနားနဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ပါဝင်ကစားဖို့ အလားအလာများလာခဲ့ပါတယ်။
အင်တာမီယာမီရဲ့ တွဲဖက်ပိုင်ရှင် ဂျော့ဂ်ျမက်စ်ကလည်း မက်ဆီဟာ အသင်းမှာ ၂၀၂၆ ရာသီကုန်အထိ ဆက်လက်နေထိုင်သွားမယ့်အကြောင်း ပြောကြားထားခဲ့ပြီးဖြစ်ပါတယ်။ ဂျော့ဂျ်မက်စ်က "အသင်းအတွက်ရော မကိဆီအတွက်ပါ ကောင်းမွန်တဲ့ အနာဂတ်တစ်ခု ပေါ်ပေါက်လာမယ်လို့ ထင်ပါတယ်။ ဒါက သူ့ရဲ့ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတယ်။ လာမယ့် ၂ လ ၃ လအတွင်း တိကျတဲ့အဖြေကို ရလာမယ်လို့ထင်ပါတယ်။ ၂၀၂၆ အထိ မက်ဆီအနေနဲ့ အသင်းရဲ့ ကွင်းသစ်ကြီးမှာ ကစားနိုင်မယ်လို့ ထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
မက်ဆီအနေနဲ့ အခုချိန်အထိတော့ အင်တာမီယာမီနဲ့ စာချုပ်ချုပ်မယ့်အကြောင်း အတည်ပြုပြောကြားထားခြင်းမရှိသေးပါဘူး။ အသက်-၃၇ နှစ်အရွယ်ကစားသမားဟာ အသင်းအတွက် အလွန်အရေးပါတဲ့ကစားသမားအဖြစ် ရပ်တည်ထားနိုင်ဆဲဖြစ်ပါတယ်။ လာမယ့်မေဂျာလိဂ်ပွဲစဉ်မှာတော့ အင်တာမီယာမီဟာ ချီကာဂိုအသင်းနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။