The network connection is lost.

Banner Image

ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ဂျာမနီသို့ သွားရောက်ယှဉ်ပြိုင်ရမယ့်အပေါ် ပျော်ရွှင်မိကြောင်း ပြောကြားလာတဲ့ လီဝန်ဒေါစကီး

ပိုလန်လက်ရွေးစင် တိုက်စစ်မှူး ရော်ဘတ်လီဝန်ဒေါစကီးက လာမယ့်ယူရို ၂၀၂၄ ပြိုင်ပွဲမှာ နိုင်ငံအသင်းနဲ့အတူ ဂျာမနီကိုသွားရောက်ပြီး ယှဉ်ပြိုင်ရမယ့်အပေါ် အလွန်ပျော်ရွှင်ဝမ်းမြောက်မိကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 
 
လီဝန်ဒေါစကီးဟာ ဘာစီလိုနာသို့ မပြောင်းရွှေ့ခင် သူ့ရဲ့ကစားသမားဘဝကို ဂျာမနီမြေမှာ ဖြတ်သန်းခဲ့တာဖြစ်ပြီး ဘွန်ဒက်စ်လီဂါထိပ်သီးကလပ်တွေဖြစ်တဲ့ ဒေါ့မွန်နဲ့ ဘိုင်ယန်မြူးနစ်တို့မှာ ကာလရှည်ကြာ ကစားခဲ့တာဖြစ်ပါတယ်။ အသက်-၃၅ နှစ်အရွယ် ကစားသမားဟာ ဒေါ့မွန်ရဲ့ကြယ်ပွင့်ကစားသမားအဖြစ် ထွန်းတောက်လာပြီးနောက်မှာ ပြိုင်ဘက် ဘိုင်ယန်မြူးနစ်ထံသို့ ပြောင်းရွှေ့သွားခဲ့ပြီး ၂၀၁၀ မှ ၂၀၂၂ ခုနှစ်အတွင်း ဘွန်ဒက်စ်လီဂါဖလားကို ၁၀ ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
 
ဘိုင်ယန်မြူးနစ်နဲ့အတူ ၂၀၂၀ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ပိုလန်သားဟာ အသင်းအတွက် ဘွန်ဒက်စ်လီဂါပွစဉ် ၃၈၄ ပွဲကစားရာမှာ ၃၁၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဂိုးသွင်းမုဆိုးဟာ ဂျာမနီဘွန်ဒက်စ်လီဂါရဲ့ သမိုင်းတစ်လျှောက် ဒုတိယသွင်းဂိုးအများဆုံး ကစားသမားအဖြစ်ရပ်တည်နေပြီး ပထမနေရမှာတော့ ဘိုင်ယန်ဂန္ထဝင် ဂတ်မူလာက ရပ်တည်နေပါတယ်။ ဒါ့အပြင် လီဝန်ဒေါစကီးဟာ ဘွန်ဒက်စ်လီဂါ ရွှေဖိနပ်ဆုကို ၇ ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်မှာ အသင်းဖော်အဖြစ်လက်တွဲခဲ့ဖူးတဲ့ သောမတ်စ်မူလာနဲ့ အရေအတွက်တူညီနေပါတယ်။
 
ယခုအခါမှာတော့ ကစားသမားက “ကျွန်တော့်အတွက်တော့ အချိန်ကာလ အကြာကြီးနေထိုင်ခဲ့ဖူးတဲ့ နိုင်ငံတစ်ခုကို ပြန်သွားရမှာဖြစ်လို့ အရမ်းပဲပျော်ရွှင်နေမိပါတယ်။ ပြီးတော့ အခုပြိုင်ပွဲ ကျင်းပမယ့် ဘောလုံးကွင်းတွေကလည်း ကျွန်တော်ကစားခဲ့ဖူးတဲ့ကွင်းတွေဖြစ်နေတာ့ စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော်ကတော့ အပြုသဘောဆောင်တဲ့ ရည်မှန်းချက်နဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခုကို ဝတ်ဆင်ပြီး ဘဝအတွက်သာမက နိုင်ငံအတွက်ပါ ကြိုးစားပြီးကစားသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
 
ပိုလန်အသင်းဟာ ယူရိုခြေစစ်ပွဲမှာ ဝေးလ်ကို ပင်နယ်တီအဆုံးအဖြတ်မှာမှ အနိုင်ရရှိပြီး ပြိုင်ပွဲဝင်ခွင့်ရခဲ့တာကြောင့် ဂျာမနီမြေက သူတို့အတွက် လွယ်ကူတဲ့နယ်မြေဖြစ်လာဖို့တော့ မရှိပါဘူး။ ဒါ့အပြင် အသင်းဟာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာ နည်းပြအပြောင်းအလဲ ၅ ကြိမ်အထိပြုလုပ်ထားရတာဖြစ်ပါတယ်။
 
သို့သော်လည်း အသင်းရဲ့လက်ရှိနည်းပြ ပရိုဘီယာ့ဇ်ကတော့ “ကျွန်တော်တို့က ဂျာမနီကို အပျော်ခရီးသက်သက်သွားမှာမဟုတ်ပါဘူး။ အရမ်းကောင်းတဲ့ပြိုင်ပွဲတွေကို ယှဉ်ပြိုင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ အုပ်စုအဆင့်က တက်လှမ်းဖို့အတွက် အတတ်နိုင်ဆုံး တိုက်ခိုက်သွားပါမယ်”လို့ ပြောကြားထားပါတယ်။
 
ပိုလန်အသင်းဟာ အုပ်စုအဆင့်မှာ ပြင်သစ်၊ နယ်သာလန်၊ ဩစတီးယားတို့နဲ့ ကျရောက်နေတာကြောင့် ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ဖို့ဆိုရင်တော့ အတော်လေးရုန်းကန်ရနိုင်ခြေရှိနေပါတယ်။ လီဝန်ဒေါစကီးဟာ ပိုလန်အတွက် စုစုပေါင်း ၁၄၈ ပွဲကစားကာ ၈၂ ဂိုးအထိ သွင်းယူထားနိုင်တာကြောင့် အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်ထားနိုင်တာလည်းဖြစ်ပါတယ်။
 
ဆက်လက်ပြီး လာမယ့်ယူရိုပြိုင်ပွဲမှာ အပြောင်းအလဲတစ်ရပ်ပြုလုပ်နိုင်မယ်လို့ မျှော်လင့်ကြောင်းကို လီဝန်ဒေါစကီးက “ကျွန်တော့်အတွက် ဒီပြိုင်ပွဲက အထူးဂရုစိုက်လုပ်ဆောင်သွားရမှာဖြစ်ပြီး ရည်မှန်းချက်ကြီးတာကြောင့် ပြိုင်ပွဲကို မတူညီတဲ့ချဉ်းကပ်မှုမျိုး ပြုလုပ်သွားမှာပါ။ လက်ရှိအသင်းရဲ့ လေ့ကျင့်ပုံ၊ ကြိုးစားပုံနဲ့ လူငယ်ကစားသမားတွေရဲ့စိတ်အားထက်သန်မှုတွေကြောင့် စောဒကတက်စရာဘာမှမတွေ့ပါဘူး။ ကျွန်တော်တို့ ပြိုင်ပွဲအတွက် အဆင့်သင့်ဖြစ်နေပြီလို့ထင်ပါတယ်”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။