The network connection is lost.

Banner Image

အင်းနရစ်က ပီအက်စ်ဂျီကိုပြောင်းလဲပေးခဲ့သူဖြစ်တယ်လို့ ဟာကီမီချီးကျူး

တနင်္ဂနွေနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အင်တာမီလန်ကို ၅-၀ နဲ့ဂိုးပြတ်အနိုင်ရကာ ပထမဆုံးအကြိမ် ဆုဖလားကိုဆွတ်ခူးနိုင်ခဲ့ပြီးနောက် ပီအက်စ်ဂျီနောက်ခံလူ ဟာကီမီက နည်းပြ လူးဝစ်အင်းနရစ်ဟာ အသင်းကို ပြောင်းလဲပေးခဲ့သူဖြစ်တယ်လို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။ 

ပီအက်စ်ဂျီဟာ လူးဝစ်အင်းနရစ်ရဲ့ဦးဆောင်မှုနဲ့အတူ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ ပီအက်စ်ဂျီအတွက်ဦးဆောင်ဂိုးကို ဟာကီမီက ပွဲကစားချိန် ၁၂ မိနစ်မှာ စတင်သွင်းယူပေးခဲ့တာဖြစ်ပြီး ဒူအီ၊ ခဗာရက်စ်ခီလီယာနဲ့ မာယူလူတို့က နောက်ထပ်သွင်းဂိုးတွေ ထပ်မံသွင်းယူပေးခဲ့ကြပါတယ်။ 

လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုခန့်က အင်းနရစ်ဟာ ဘာစီလိုနာနဲ့အတူ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်အောင်မြင်မှုကို ဆွတ်ခူးနိုင်ခဲ့ပြီး ယခုအခါမှာတော့ ပီအက်စ်ဂျီနဲ့အတူ နောက်ထပ်တစ်ကြိမ်ဆွတ်ခူးနိုင်ခဲ့တာကြောင့် ဘောလုံးသမိုင်းတစ်လျှောက် မတူညီတဲ့ အသင်းတွေနဲ့ ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်တဲ့ ၆ ယောက်မြောက်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
 
ဒါ့အပြင် စပိန်သားဟာ ပက်ဂွါဒီယိုလာနောက်ပိုင်း မတူညီတဲ့အသင်းတွေနဲ့ ဆုဖလား ၃ လုံးအောင်မြင်မှုကို ဆွတ်ခူးနိုင်တဲ့ ဒုတိယနည်းပြဖြစ်လာခဲ့ပါတယ်။ ပွဲအပြီးမှာ ဟာကီမီက “အင်းနရစ်ကို ပီအက်စ်ဂျီကို ပြောင်းလဲပေးနိုင်ခဲ့တဲ့နည်းပြပါ။ သူဒီကိုရောက်လာကတည်းက သူ့ရဲ့ပုံစံအတိုင်း အသင်းကိုပြောင်းလဲခဲ့ပါတယ်။ ပြီးတော့ သူက သစ္စာရှိတဲ့လူတစ်ယောက်ပါ။ ဒီဆုဖလားနဲ့အထိုက်တန်ဆုံးက သူပါပဲ” လို့ပြောကြားခဲ့ပါတယ်။ 

ယခုနှစ်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဟာကီမီဟာ စုစုပေါင်း ၄ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၅ ကြိမ်အထိပြုလုပ်နိုင်ခဲ့တာကြောင့် ၂၀၀၀-၀၁ ဘောလုံးရာသီမှ လိဒ်ယူနိုက်တက်ကစားသမား အီယန်ဟာတီနောက်ပိုင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးပါဝင်ပတ်သက်မှုအများဆုံး နောက်ခံလူဖြစ်လာခဲ့ပါတယ်။  ဆက်လက်ပြီး မော်ရိုကိုလက်ရွေးစင်က “ကျွန်တော်တို့ သမိုင်းတစ်ခုကို ပုံဖော်နိုင်ခဲ့ပါတယ်။ ကလပ်ရဲ့သမိုင်းမှာလည်း ကျွန်တော်တို့ရဲ့နာမည်ကို ရေးထိုးနိုင်ခဲ့ပါတယ်။ ဒီအသင်းက ချန်ပီယံလိဂ်ဖလားနဲ့ထိုက်တန်တာ အချိန်ကြာနေပါပြီ။ ကျွန်တော်တို့ အရမ်းပျော်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။