The network connection is lost.

Banner Image

ရက်ရှ်ဖို့ဒ်အားခေါ်ယူမယ်ဆိုတဲ့သတင်းတွေကို ငြင်းဆန်ခြင်းမရှိတဲ့ အေစီမီလန်

အေစီမီလန်အသင်းဟာ မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်အား ခေါ်ယူမယ်ဆိုတဲ့သတင်းတွေကိုငြင်းဆန်ခြင်းမရှိဘဲ ယခုအခါမှာလည်း နည်းပြ ဆာဂျီယိုကွန်စီကာအိုက ကစားသမားကို ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပြီး အပြောင်းအရွှေ့ကို စောင့်ကြည့်ကြဖို့ ပြောကြားလာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ဒီဇင်ဘာလက ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်ကနေထွက်ခွာမယ်ဆိုတဲ့အကြောင်း အရိပ်အမြွက်ပြောကြားခဲ့ပြီး စိန်ခေါ်မှုအသစ်တွေနဲ့ရင်ဆိုင်ဖို့ အဆင်သင့်ရှိနေကြောင်း ပြောကြားထားခဲ့တာဖြစ်ပါတယ်။ ယခုဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာတော့ အေစီမီလန်က အသက်-၂၇ နှစ်အရွယ်ကစားသမားကို ချိတ်ဆက်မှုတွေပြုလုပ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ယခုအခါမှာ အဆိုပါသတင်းတွေကို ငြင်းဆန်မှုတွေ ပြုလုပ်ထားခြင်းမရှိပါဘူး။ 

သောကြာနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကွန်စီကာအိုက “ရက်ရှ်ဖို့ဒ်က အခုလက်ရှိဈေးကွက်ထဲမှာရှိနေတဲ့ ကစားသမားကောင်းတွေထဲက တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ အချို့ကတော့ ဈေးကွက်ထဲမှာရှိမနေပါဘူး။ ဘာတွေဖြစ်မလဲ စောင့်ကြည့်ကြတာပေါ့” လို့ပြောကြားခဲ့ပါတယ်။ 

ရက်ရှ်ဖို့ဒ်ဟာ နည်းပြသစ်ရူဘင်အာမိုရင်လက်ထက်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ပင်ရုန်းကန်နေရတာကြောင့် ယူနိုက်တက်ရဲ့ အဓိက ကစားသမားဘဝကနေ တဖြည်းဖြည်းဝေးကွာလာခဲ့ပြီလည်းဖြစ်ပါတယ်။ ကစားသမားဘဝတစ်လျှောက်လုံး အိုးလ်ထရက်ဖို့ဒ်မှာနေထိုင်ခဲ့တဲ့ အင်္ဂလန်သားအနေနဲ့ ယခု ၂၀၂၅ ခုနှစ်မှာတော့ အသင်းကနေထွက်ခွာဖို့ အလွန်အလားအလာများနေပြီဖြစ်ပါတယ်။ 

ရက်ရှ်ဖို့ဒ်ရဲ့ထွက်ခွာနိုင်မှုနဲ့ပတ်သက်ပြီး သတင်းတွေထွက်ပေါ်နေချိန် လာမယ့်တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်အဖြစ် အာဆင်နယ်ကိုအဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရပါမယ်။