The network connection is lost.

Banner Image

မေဆင်ထက် ၁၀ ဆပိုကောင်းတဲ့ကစားသမားကို ခေါ်ယူနိုင်တယ်လို့ ယူနိုက်တက်ကို ပြောကြားလိုက်တဲ့ လာဇီယို

လာဇီယိုဥက္ကဌ လိုတီတိုက မိမိတို့အသင်းဟာ မေဆင်ထက် ၁၀ ဆ ပိုကောင်းတဲ့ကစားသမားကို ခေါ်ယူနိုင်တယ်လို့ ယူနိုက်တက်ထံ ပြောကြားလိုက်ပါတယ်။ စီးရီးအေကလပ်ဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက မေဆင်ကို အငှားနဲ့ခေါ်ယူဖို့ ချဉ်းကပ်ခဲ့ပေမယ့် စာရွက်စာတမ်းအချိန်မမီခဲ့တာကြောင့် နောက်ကျခဲ့တာဖြစ်ပါတယ်။

မေဆင်ဟာ အဲ့နောက် ဂီတာဖေးအသင်းထံ ပြောင်းရွှေ့ခဲ့ပြီး စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ အခုနွေရာသီမှာ မေဆင်ကို ရောင်းချဖို့ ပြင်ဆင်နေပြီး ပေါင်သန်း ၄၀ အလိုရှိနေပါတယ်။ လာဇီယိုဘက် ပေါင် ၁၆ သန်း + ၅၀% ပြန်လည်ရောင်းချမှုကနေ ပေးချေမယ်လို့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။

ဂရင်းဝုဒ်ကလည်း တန်ဟက်နဲ့ပြန်လည်လက်တွဲဖွယ်မရှိပဲ မာဆေးလ်အသင်းကလည်း အင်္ဂလန်သားကို စိတ်ဝင်စားနေပါတယ်။ လာဇီယိုကတော့ မေဆင်အပြောင်းအရွှေ့ကနေ နုတ်ထွက်ခဲ့ပြီဖြစ်ကာ လိုတီတို အခြားပစ်မှတ်ကစားသမားတွေရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

“ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့ မိနစ် ၂၀ လောက်နောက်ကျခဲ့တာပါ။ မေဆင်ကိုခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။ ဈေးကွက် ၂ ခုကြားမှာ နာရီပိုင်းနောက်ကျခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်တို့မှာ မေဆင်ပဲရှိနေတာမဟုတ်ပါဘူး။ ခင်ဗျားတို့မသိတဲ့ အခြားကစားသမားတွေရှိနေပါတယ်။ ကျွန်တော် နာမည်ပြောချင်ပေမယ့်  ကျွန်တော် မပြောနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ အဲ့တာက ထိန်းသိမ်းရမယ့်အရာဖြစ်သလို မေဆင်ထက်တောင် ၁၀ ဆကောင်းတဲ့ ကစားသမားဖြစ်နိုင်ပါတယ်”လို့ လိုတီတိုက ပြောကြားခဲ့ပါတယ်။

မေဆင်ဟာ ယူနိုက်တက်အတွက် ၂၀၂၂ ဇန်နဝါရီကတည်းက ကစားခွင့်မရတော့တာဖြစ်ပြီး ၂၀၂၃ ဖေဖော်ဝါရီတုန်းက လိင်ပိုင်းဆိုင်ရာစွပ်စွဲခံရမှုကနေ လွတ်မြောက်ခဲ့ပေမယ့်လည်း ယူနိုက်တက်နဲ့ပြန်လည်ပူးပေါင်းခွင့်မရခဲ့တာ ဖြစ်ပါတယ်။