The network connection is lost.

Banner Image

ယာမယ်လ်ကို ၅ နှစ်သက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုဖို့ ဘာစီလိုနာပြင်ဆင်

ဘာစီလိုနာဟာ အသင်းရဲ့ပါရမီရှင်တောင်ပံကစားသမားလေး လာမိုင်းယာမယ်လ်ကို ၅ နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုဖို့ပြင်ဆင်နေပြီး ကစားသမားရဲ့ လုပ်ခလစာကိုလည်း သိသိသာသာတိုးမြှင့်ပေးချေသွားမယ်လို့ သိရပါတယ်။ 

၂၀၂၄ ယူရိုဖလားကို ဆွတ်ခူးထားနိုင်ခဲ့တဲ့ ယာမယ်လ်ကလည်း ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းတိုးမြှင့်ဖို့အတွက် စိတ်ဝင်စားနေပြီး ကမ်းလှမ်းမှုကို လက်ခံသွားဖို့ရှိနေပါတယ်။ သို့သော်လည်း စပိန်လက်ရွေးစင်ဟာ အသက်-၁၈ နှစ်ပြည့်မှသာ စာချုပ် ချုပ်ဆိုနိုင်မှာဖြစ်လို့ ဘာစီလိုနာအနေနဲ့ ကစားသမားရဲ့မွေးနေ့ဖြစ်တဲ့ ဇူလိုင်လ ၁၃ ရက်နေ့အထိ စောင့်ဆိုင်းသွားရမှာဖြစ်ပါတယ်။ 

ဘာစီလိုနာဟာ ကစားသမားကို အသင်းမှာသေချာပေါက်ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် ဇူလိုင်လမတိုင်မီမှာပဲ စာချုပ်တွေကို ပြင်ဆင်ထားမှာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိအချိန်မှာ ဘာစီလိုနာနဲ့ ယာမယ်လ်တို့အကြား ဆွေးနွေးညှိနှိုင်းမှုတွေကလည်း အပြုသဘောဆောင်နေတယ်လို့ SPORT သတင်းဌာနက ဖော်ပြထားပါတယ်။ တစ်ချိန်တည်းမှာပဲ စပိန်သားကို ၂၀၃၀ ခုနှစ်အထိ ထိန်းသိမ်းထားနိုင်မယ့် ၅ နှစ်သက်တမ်းရှိစာချုပ်ကိုလည်း ဘာစီလိုနာက အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာတော့ ယာမယ်လ်ဟာ ဘာစီလိုနာနဲ့ ၂၀၂၈ ခုနှစ်အထိ သဘောတူညီစာချုပ်ချုပ်ဆိုထားဆဲဖြစ်ပါတယ်။ အသက်အရွယ်နုငယ်သေးပေမယ့် လက်ရှိယာမယ်လ်ရဲ့ခြေစွမ်းဟာ စီနီယာကစားသမားတစ်ယောက်အနေနဲ့သာမက စူပါစတားတစ်ယောက်အနေနဲ့ပါ အသိအမှတ်ပြုခံထားရတာကြောင့် စာချုပ်သစ်ချုပ်ဆိုပါက မြင့်မားတဲ့ လုပ်ခလစာကို ရရှိသွားမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဘာစီလိုနာအနေနဲ့ ယာမယ်လ်ရဲ့စာချုပ်သစ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး ယူရို ၁ ဘီလီယံ သဘောတူညီချက်ကိုလည်း ထည့်သွင်းသွားမယ်လို့ သိရပါတယ်။ 

ဗုဒ္ဓဟူးနေ့နံနက်ကမှာတော့ ဘာစီလိုနာဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် အင်တာမီလန်ကို အီတလီမြေမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ပထမအကျော့က သရေရလဒ်ကြောင့် ယခုပွဲမှာ မဖြစ်မနေအနိုင်ကစားသွားရပါမယ်။