The network connection is lost.

Banner Image

အင်္ဂလန်အသင်း ရှုံးနိမ့်ခဲ့ပြီး ဂျာမနီအနိုင်ရခဲ့တဲ့ သောကြာည ခြေစမ်းပွဲစဉ်များ

မနေ့ညက ယူရို၂၀၂၄ပြိုင်ပွဲအကြို ခြေစမ်းပွဲတွေ ကစားခဲ့ရာမှာ နာမည်ကြီး အင်္ဂလန်အသင်း ရှုံးနိမ့်ခဲ့ပြီး ဂျာမနီကတော့ အနိုင်ရခဲ့ပါတယ်။ အိမ်ကွင်းဝင်ဘာလေမှာ ကစားရတယ်ဆိုပေမယ့် အင်္ဂလန်ရဲ့ခြေစွမ်းက အားရစရာမရှိဘဲ အိုက်စလန်ကို ရှုံးနိမ့်ခဲ့ပါတယ်။
 
အင်္ဂလန်အသင်းဟာ ပွဲအစပိုင်းမှာ ဘောလုံးကိုင်ကစားနိုင်ခဲ့ပေမယ့် တန်ပြန်တိုစစ်ကနေ ပေါ်စတိန်ဆင်က အိုက်စလန်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ဟယ်ရီကိန်းက ချေပဂိုးရဖို့ အကောင်းဆုံး အခွင့်အရေးရခဲ့ပေမယ့် လွဲချော်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အင်္ဂလန်တို့ တိုက်စစ်အရှိန်မြင့်ပြီး ပယ်လ်မာ ဂိုးသွင်းခွင့်ရခဲ့ပေမယ့် ဂိုးနဲ့ဝေးကွာနေခဲ့တာကြောင့် ချေပဂိုးမရခဲ့ပါဘူး။
 
အိုက်စလန်ကတော့ အင်္ဂလန်ကို နောက်ထပ်တစ်ကြိမ် အနိုင်ယူသွားခဲ့တာဖြစ်ပြီး အင်္ဂလန်ကတော့ တနင်္ဂနွေညမှာ ဆားဘီးယားနဲ့ ဆက်ကစားရမှာ ဖြစ်ပါတယ်။ ယူရို၂၀၂၄အိမ်ရှင်ဖြစ်တဲ့ ဂျာမနီကလည်း ဂရိကို အသည်းအသန်ကစားခဲ့ရပြီး နောက်ကျသွင်းဂိုးတွေကြောင့် အနိုင်ရခဲ့ပါတယ်။
 
ဂျာမနီက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ကစားခဲ့ပေမယ့် ဂရိက အခွင့်အရေးရခဲ့ပြီး ဂိုးသမားနူအာ နှစ်ကြိမ်ဆက် ကာကွယ်ခဲ့ရပါတယ်။ ၃၄မိနစ်မှာ ဂရိအသင်း ဦးဆောင်ဂိုးရခဲ့ပြီး မာဆူရက်စ်က အပိုင်ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ ၅၆မိနစ်မှာတော့ ဂျာမနီအသင်း ချေပဂိုးရခဲ့ပြီး ဆာနေးရဲ့ပေးပို့မှုကနေ ဟားဗက်ဇ်က ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ သရေကျပြီလို့ထင်ခဲ့ပေမယ့် ၈၉မိနစ်မှာတော့ ဂရိခံစစ်ရဲ့ရှင်းထုတ်မှုကနေ ပါစကယ်ဂရော့က မြေမကျကန်သွင်းပြီး ဂျာမနီအတွက် အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။