
ယာမယ်လ်နဲ့ ဒမ်ဘီလီတို့ နှစ်ဦးစလုံး ဘောလွန်းဒီအော်ဆုနဲ့ထိုက်တန်တယ်လို့ ကွန်ဒီအခိုင်အမာပြော
ဘာစီလိုနာနောက်ခံလူ ဂျူးလက်စ်ကွန်ဒီက ယခု ၂၀၂၅ ခုနှစ်အတွက် ဘောလွန်းဒီအော်ဆိုကို ကလပ်အသင်းဖော် လာမိုင်းယာမယ်လ်နဲ့ နိုင်ငံ့အသင်းဖော် အူစမန်ဒမ်ဘီလီတို့ ၂ ဦးစလုံး ထိုက်တန်မှုရှိနေတာကြောင့် အကောင်းဆုံးကစားသမားကပဲ ဆွတ်ခူးသွားလိမ့်မယ်လို့ ပြောကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လမှာ ကွန်ဒီကို ဒီနှစ်အတွက်ဘောလွန်းဒီအော်ဆုကို ဘယ်ကစားသမားရနိုင်သလဲလို့မေးမြန်းခဲ့ရာ ပြင်သစ်လက်ရွေးစင်က ယာမယ်လ်နဲ့သာ အထိုက်တန်ဆုံးဖြစ်တယ်လို့ ပြောကြားခဲ့ပေမယ့် ယခုအခါမှာတော့ ဒမ်ဘီလီကပါ ဒီဆုအတွက်ထိုက်တန်ကြောင်း ပြောကြားလာခဲ့တာဖြစ်ပါတယ်။
ယာမယ်လ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီအတွင်း ဘာစီလိုနာအတွက် လာလီဂါ၊ စပိန်စူပါဖလားနဲ့ ကိုပါဒယ်ရေးဖလားတွေကို ဆွတ်ခူးပေးနိုင်ခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ တစ်ဦးချင်းစွမ်းဆောင်ရည်အချက်အလက်တွေမှာလည်း စပိန်လက်ရွေးစင်ဟာ ၅၅ ပွဲကစား၊ ၁၈ ဂိုးသွင်းယူကာ၊ ဂိုးဖန်တီးမှု ၂၁ ကြိမ်အထိပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
တစ်ဖက်မှာ ဒမ်ဘီလီကလည်း လူးဝစ်အင်းနရစ်ရဲ့ ပီအက်စ်ဂျီအတွက် အလွန်အရေးပါတဲ့တိုက်စစ်အသက်သွေးကြောဖြစ်ခဲ့ပြီး စုစုပေါင်း ၄၉ ပွဲကစားခဲ့ရာမှာ ၃၃ ဂိုးသွင်းပြီး ၁၃ ကြိမ်အထိ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ ပြင်သစ်သားဟာ ပီအက်စ်ဂျီနဲ့အတူ ပြည်တွင်းဖလားတွေအားလုံးသာမက ချန်ပီယံလိဂ်ဖလားကိုပါ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
ယခုအခါမှာ ကွန်ဒီကို ဘယ်ကစားသမားက ဘောလွန်းဒီအော်နဲ့ထိုက်တန်သလဲလို့မေးမြန်းခဲ့ရာ "ကျွန်တော်အရင်ကဖြေပြီးပါပြီ။ ယာမယ်လ်နဲ့ ဒမ်ဘီလီတို့ ၂ ယောက်စလုံးက ဒီဆုနဲ့ထိုက်တန်ပါတယ်။ သူတို့မှာ ဆုဖလားအောင်မြင်မှုတွေရရှိခဲ့တဲ့ ရာသီတွေပိုင်ဆိုင်ထားခဲ့ကြတာပါပဲ။ နှစ်ယောက်စလုံးက ကျွန်တော့်ရဲ့အသင်းဖော်တွေပါ။ ဆုံးဖြတ်ရခက်ခဲပါတယ်။ ကျွန်တော်က မဲပေးရတဲ့သူမဟုတ်ပါဘူး။ အကောင်းဆုံးဖြစ်တဲ့သူက ဒီဆုကိုရမှာပါပဲ" လို့ပြောကြားခဲ့ပါတယ်။
လာမယ့်သောကြာနေ့မှာ ပြင်သစ်ဟာ ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် ယူကရိန်းကို ပိုလန်နိုင်ငံမှာမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ကွန်ဒီတစ်ယောက် အသင်းအတွက် ပွဲထွက်ပါဝင်သွားဖွယ်ရှိပါတယ်။