အေစီမီလန်အသင်းထံ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့သွားတဲ့ ဝေါ်လ်ကာ
မန်စီးတီးညာနောက်ခံလူ ဝေါ်လ်ကာသည် အီတလီကလပ် အေစီမီလန်အသင်းနှင့် ရာသီကုန်အထိ အငှားစာချုပ် ချုပ်ဆိုခဲ့သည်။ မီလန်အသင်းတွင်လည်း နွေရာသီ၌ အပြီးသတ်ခေါ်ယူရန် ရွေးချယ်ခွင့်ရှိသော်လည်း သဘောတူညီချက်တွင် မဖြစ်မနေ ဝယ်ယူရန် စည်းကမ်းချက် မပါဝင်ဟု သိရသည်။
အသက် ၃၄ နှစ်အရွယ် အင်္ဂလန်နောက်ခံလူသည် ၂၀၂၆ ခုနှစ်အထိ စီးတီးအသင်းနှင့် စာချုပ်ရှိသော်လည်း ဇန်နဝါရီ ၄ ရက်နေ့တွင် ဝက်စ်ဟမ်းကို ၄-၁ ဖြင့် အနိုင်ရရှိခဲ့သည့်ပွဲနောက်ပိုင်း အသင်းအတွက် ပါဝင်ကစားခြင်း မရှိတော့ပါ။ ပြောင်းရွှေ့မှု အတည်ပြုပြီးနောက် ဝေါ်လ်ကာသည် Instagram တွင် စီးတီးအသင်းအတွက် နှုတ်ဆက်စာ ရေးသားခဲ့သည်။
"မန်ချက်စတာစီးတီး... ဘယ်ကစရမလဲ ၂၀၁၇ ခုနှစ်မှာ ဒီလို မယုံနိုင်စရာ ကလပ်အသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့တာဟာ အိပ်မက်တစ်ခု အမှန်တကယ် ဖြစ်လာတာပါ။ ခုနစ်နှစ်အကြာမှာ ချန်ပီယံလိဂ်ဖလားနဲ့ နာမည်ကျော် သုံးထပ်ကွမ်းဆုဖလားအပါအဝင် ဆုဖလား ၁၇ လုံး ရရှိခဲ့တာဟာ ကလေးဘဝတုန်းကပဲ ကျွန်တော် အိပ်မက်မက်နိုင်ခဲ့တဲ့ အရာတစ်ခုပါ။
"အရည်အချင်းရှိတဲ့ ကစားသမားတွေ အများကြီးနဲ့အတူ ကစားခွင့်ရခဲ့တာဟာ ကျွန်တော့်ကို အကောင်းဆုံးပုံစံဖြစ်အောင် တွန်းအားပေးခဲ့ပြီး အီတီဟတ်မှာ ရရှိခဲ့တဲ့ အခွင့်အရေးအတွက် တကယ်ကို ကျေးဇူးတင်ပါတယ်။ အများကြီးသော လူတွေ၊ နည်းပြအဖွဲ့၊ ကစားသမားအဝတ်အစား တာဝန်ယူသူတွေနဲ့ နောက်ကွယ်မှာ မမောမပန်း အလုပ်လုပ်နေတဲ့ အဖွဲ့ဝင်အားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့က နေ့တိုင်းကို ပျော်ရွှင်စရာဖြစ်စေပြီး ကျွန်တော်တို့ အကောင်းဆုံး ခြေစွမ်းပြသနိုင်ဖို့ အခြေခံအုတ်မြစ်ကို ပံ့ပိုးပေးပါတယ်။
"ကျွန်တော့်ရဲ့ အသင်းဖော်တွေဆီကို ကျွန်တော် တံခါးမှ ဝင်လာတဲ့အချိန်ကစပြီး အိမ်မှာလို ခံစားခဲ့ရပါတယ်။ ကောင်းမွန်တဲ့ အမှတ်တရတွေနဲ့ ကျွန်တော်တို့ အတူတကွ မျှဝေခဲ့တဲ့ အောင်မြင်မှုအားလုံးအတွက် ကျေးဇူးတင်ပါတယ်။ခင်ဗျားတို့ဟာ သူငယ်ချင်းတွေသာမက တစ်သက်လုံးအတွက် မိသားစုလည်း ဖြစ်ပါတယ်။ ပက် ဂွာဒီယိုလာကို ကျွန်တော့်ကို ယုံကြည်ပြီး ၂၀၁၇ ခုနှစ်မှာ ဒီကို ခေါ်လာဖို့ အလွန်ကြိုးစားပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။
"နောက်ဆုံးအနေနဲ့ ပရိသတ်တွေဆီကို ပထမနေ့ကတည်းက ခင်ဗျားတို့ရဲ့ တစ်ယောက်လို သဘောထားလက်ခံမှုအတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ရဲ့ မယိမ်းယိုင်တဲ့ အားပေးမှု၊ အပတ်စဉ် အိမ်ကွင်း အဝေးကွင်းတိုင်းမှာ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။" ဟု ဝေါ်လ်ကာက ရေးသားခဲ့သည်။ ဝေါ်လ်ကာ ထွက်ခွာသွားခြင်းကြောင့် ယခုလတွင် နောက်ခံလူသစ် နှစ်ဦး ခေါ်ယူထားသော်လည်း ဂွာဒီယိုလာတွင် သတ်မှတ်ထားသော ညာနောက်ခံလူ အရေအတွက် နည်းပါးသွားစေသည်။