ဖီဖာအဆင့်သတ်မှတ်ချက်အရ ကမ္ဘာ့ဖလားအုပ်စုမဲခွဲမှုရဲ့ မဲအိုး(၂)မှာ ပါဝင်ဖို့ မျှော်လင့်ချက်ရှိနေတဲ့ တောင်ကိုရီးယား
ကြာသပတေးနေ့မှာ ထုတ်ပြန်လာတဲ့ ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ တောင်ကိုရီးယားက အဆင့်-၂၂ မှာ ရပ်တည်နိုင်ခဲ့ပြီး နိုင်ငံသမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စုမဲခွဲမှုရဲ့ မဲအိုး(၂)မှာ နေရာတစ်နေရာကို ပိုင်ပိုင်နိုင်နိုင်ရရှိခဲ့ပါတယ်။
ပြိုင်ပွဲဝင်အသင်း ၄၈ ခုနဲ့အတူ အုပ်စု ၁၂ခု ခွဲခြားကျင်းပမယ့် ကမ္ဘာ့အဆင့်ပြိုင်ပွဲကြီးအတွက် အုပ်စုမဲခွဲမှုအခမ်းအနားကို ဒီဇင်ဘာ ၆ ရက်၊ ဝါရှင်တန်မြို့ရှိ ကနေဒီစင်တာမှာ ကျင်းပသွားပါလိမ့်မယ်။ တောင်ကိုရီးယားက အခုနိုင်ငံတကာသီတင်းပတ်၊ ခြေစမ်းပွဲစဉ်တွေမှာ ဘိုလီဗီးယားကို ၂-၀ ဂိုး၊ ဂါနာကို ၁-၀ ဂိုးဖြင့်အနိုင်ယူပြီး ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ သူတို့ရဲ့နေရာကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ကတော့ အုပ်စုမဲခွဲမှုအတွက် မဲအိုးခွဲဝေမှုဆိုင်ရာစည်းမျဉ်းတွေကို တရားဝင်မကြေညာသေးပါဘူး။ ဖီဖာရဲ့ကြေညာချက်မှာ “ နောက်ဆုံးကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေက ကြာသပတေးနေ့၊ ဇူးရစ်မြို့ ဖီဖာဌာနချုပ်မှာပြုလုပ်မယ့် ၂၀၂၆ ခုနှစ်ကမ္ဘာ့ဖလား Play-off ခရီးစဉ်နဲ့ ဥရောပဇုန် Play-off ပွဲစဉ်တွေအတွက် မဲခွဲမှုတွေမှာ သက်ရောက်မှုရှိလာပါလိမ့်မယ်”လို့ ဖော်ပြထားပါတယ်။
ကမ္ဘာ့ဖလားအုပ်စုမဲခွဲမှုမတိုင်ခင် နောက်ထပ်အပြောင်းအလဲမရှိဘူးဆိုရင် အခုနောက်ဆုံးအဆင့်သတ်မှတ်ချက်က မဲခွဲမှုအတွက် အခြေခံအဖြစ် ဆောင်ရွက်သွားပါလိမ့်မယ်။ မဲအိုး(၁)မှာ အိမ်ရှင်သုံးနိုင်ငံဖြစ်တဲ့ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုအပြင် ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ ထိပ်ဆုံးကိုးသင်းစာရင်းဝင်ဖြစ်တဲ့ စပိန်၊ အာဂျင်တီးနား၊ ပြင်သစ်၊ အင်္ဂလန်၊ ဘရာဇီး၊ ပေါ်တူဂီ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံနဲ့ ဂျာမနီတို့ ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။
အလားတူ မဲအိုး(၂)မှာလည်း ကမ္ဘာ့အဆင့်-၁၀ ရှိ ခရိုအေးရှားနဲ့အတူ မော်ရိုကို၊ ကိုလံဘီယာ၊ ဥရုဂွေး၊ ဆွစ်ဇာလန်၊ ဂျပန်၊ ဆီနီဂေါ၊ အီရန်၊ ကိုရီးယား၊ အီကွေဒေါ၊ သြစတြီးယားနဲ့ အဆင့်-၂၆ မှာရှိနေတဲ့ သြစတြေးလျတို့ ပါဝင်လာဖွယ် ရှိပါတယ်။ မဲအိုး(၃)မှာတော့ ကမ္ဘာ့အဆင့်-၂၉ ရှိ နော်ဝေနဲ့အတူ ပနားမား၊ အီဂျစ်၊ အယ်လ်ဂျီးရီးယား၊ စကော့တလန်၊ ပါရာဂွေး၊ တူနီးရှား၊ အိုင်ဗရီကို့စ်၊ အူဇဘက်ကစ္စတန်၊ ကာတာ၊ ဆော်ဒီနဲ့ အဆင့်-၆၁ မှာရှိနေတဲ့ တောင်အာဖရိကတို့ ပါဝင်လာနိုင်ပါတယ်။
မဲအိုး(၄)မှာ ကမ္ဘာ့အဆင့်-၆၄ နေရာမှာရပ်တည်နေတဲ့ ဂျော်ဒန်နဲ့အတူ ကိတ်ဗာဒီ၊ ဂါနာ၊ ကူရာကာအို၊ ဟေတီနဲ့ အဆင့်-၈၆ မှာရှိနေတဲ့ နယူးဇီလန်တို့ ပါဝင်လာပါလိမ့်မယ်။ ဥရောပဇုန် Play-off အဆင့်မှပေါ်ထွက်လာမယ့် အသင်းလေးခုနဲ့ Intercontinental Play-off မှတဆင့် ခြေစစ်ပွဲအောင်မြင်လာမယ့် အသင်းနှစ်ခုကတော့ လက်ကျန်ခြောက်နေရာအတွက် မဲအိုး(၄)မှာ သွားရောက်ပူးပေါင်းမယ်လို့ မျှော်လင့်ရပါတယ်။
အသွင်သစ်ကမ္ဘာ့ဖလားပုံစံအရ အုပ်စုတစ်ခုချင်းစီမှာ မဲအိုးတစ်ခုချင်းစီမှ အသင်းတစ်ခုစီ ပါဝင်လာပါလိမ့်မယ်။ တိုက်အလိုက်ဘောလုံးအဖွဲ့ချုပ်လက်အောက်ခံ အသင်းနှစ်ခု အုပ်စုတူကျရောက်နိုင်မှုအပေါ် တားမြစ်မယ့် အခြေခံစည်းမျဉ်းကို လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဆက်လက်ကျင့်သုံးသွားမယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် လက်ရှိကမ္ဘာ့အဆင့်-၁၂ နေရာရှိ အီတလီအပြင် ကမ္ဘာ့အဆင့်သတ်မှတ်ချက်-၂၀ အတွင်းမှာရှိနေတဲ့ ဒိန်းမတ်နဲ့ တူရကီတို့လည်း ဥရောပဇုန် Play-off မှတဆင့် ခြေစစ်ပွဲအောင်မြင်လာနိုင်ပါတယ်။