အဖွဲ့ဝင်နိုင်ငံအများစုရဲ့ထောက်ခံမှု ရရှိထားပြီး ဝေဖန်သူတွေကိုလည်း ရှေ့ဆက်သွားကြဖို့အတွက် တိုက်တွန်းလိုက်တဲ့ အင်ဖန်တီနို
ကမ္ဘာတစ်ဝန်းရှိ အဖွဲ့ဝင်နိုင်ငံတွေရဲ့ထောက်ခံမှု အပြည့်အ၀ရရှိထားခြင်းကို ထောက်ပြရင်း မအောင်မြင်ခဲ့တဲ့ FIFA Forward Enterprise (FFE) အစီအစဉ်ကြောင့် ရာထူးမှနုတ်ထွက်ဖို့ စဉ်းစားခဲ့ဖူးသလားဆိုတဲ့မေးခွန်းကို ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုက ရယ်ရယ်မောမောဖြင့် ပယ်ချခဲ့ပါတယ်။
ဖီဖာကြီးမှူးကျင်းပတဲ့ အဓိကပြိုင်ပွဲကြီးတွေနဲ့သက်ဆိုင်တဲ့ စီးပွားရေးဆိုင်ရာအခွင့်အလမ်းတွေကို ထိန်းချုပ်မယ့် အဖွဲ့အစည်းသစ်တစ်ခုမှာ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတွေရယူဖို့ ရည်ရွယ်ခဲ့တဲ့ FFE စီမံကိန်းကို စွန့်လွှတ်ခဲ့ရပြီးနောက် ရာထူးမှနုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အင်ဖန်တီနိုက သုံးလအကြာမှာတော့ သူ့ရဲ့နေရာအတွက် ပိုမိုခိုင်မာတဲ့ အနေအထားတစ်ခုဆီ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
အင်ဖန်တီနိုရဲ့နောက်မှာ အာရှတလွှားရှိအဖွဲ့ဝင်တွေ စည်းစည်းလုံးလုံး ရပ်တည်နေတယ်ဆိုတဲ့ အာရှဘောလုံးအဖွဲ့ချုပ်(AFC) ဥက္ကဋ္ဌ ရှိတ်ခ်ဆယ်လ်မန်ဘင်အီဘရာဟင်အယ်လ်ခါလီဖာရဲ့ပြောကြားချက် ထွက်ပေါ်လာပြီးနောက် အာရှဘောလုံးအဖွဲ့ချုပ်အကြီးအကဲက လက်ရှိဖီဖာဥက္ကဋ္ဌကို စတုတ္ထမြောက်သက်တမ်းအတွက် ထောက်ခံတယ်လို့ သောကြာနေ့မှာ ပြောဆိုခဲ့ပါတယ်။
BBC နဲ့တွေ့ဆုံချိန် ရာထူးမှနုတ်ထွက်ဖို့ စဉ်းစားခဲ့ဖူးသလားဆိုတဲ့ မေးခွန်းကို အင်ဖန်တီနိုက "ကျွန်တော့်ကို ကမ္ဘာတဝန်းမှာရှိတဲ့ အဖွဲ့ဝင် ၂၁၁ နိုင်ငံက ရွေးကောက်တင်မြှောက်ခဲ့တာပါ။ ဖီဖာလိုအဖွဲ့အစည်းမျိုးမှာ မတူညီတဲ့ အမြင်တွေ၊ မတူညီတဲ့ အယူအဆတွေ ရှိနိုင်တယ်ဆိုတာ အရေးကြီးတယ်လို့ ထင်ပါတယ်" လို့ ရယ်မောလျက် ဖြေကြားခဲ့ပါတယ်။
"ဒါပေမဲ့ ဒီမိုကရေစီ၊ ဒီမိုကရေစီလုပ်ငန်းစဉ်နဲ့ ကမ္ဘာတဝန်းမှာ လူတိုင်း မဲတစ်မဲစီ တန်းတူအခွင့်အရေးနဲ့ ကိုယ့်ရဲ့အသံထုတ်ဖော်ခွင့် ရှိတယ်ဆိုတာ၊ ဘောလုံးက လူတိုင်းနဲ့ သက်ဆိုင်တယ်ဆိုတာကို ကျွန်တော်တို့ တကယ်တမ်း ယုံကြည်လက်ခံထားတယ်ဆိုရင် အလွန်အမင်း အများစုဖြစ်တဲ့ သဘောထားအမြင်တွေကိုလည်း လေးစားဖို့ လိုအပ်ပါလိမ့်မယ်"
"ကျွန်တော့်ကို အပြည့်အဝထောက်ခံခဲ့တဲ့ အာရှဘောလုံးအဖွဲ့ချုပ်ရဲ့တိုကျိုအစည်းအဝေးမှ အခုလေးတင် ကျွန်တော်ပြန်ရောက်လာတာပါ။ အာဖရိကနိုင်ငံအားလုံးရဲ့ထောက်ခံမှုကို ရရှိခဲ့တဲ့ ကိတ်ဗာဒီအစည်းအဝေးကိုလည်း ကျွန်တော် ရောက်ခဲ့ပြီးပါပြီ။ ကမ္ဘာတဝန်းမှာရှိတဲ့ အဖွဲ့ဝင်အားလုံးနဲ့လည်း ကျွန်တော် စကားပြောဆိုနေပါတယ်" လို့ ရှင်းပြပါတယ်။
ယခင်ကတော့ AFC က FFE အစီအစဉ်ကို ကန့်ကွက်ရာမှာ ဥရောပဘောလုံးအဖွဲ့ချုပ် UEFA နဲ့ မြောက်အမေရိက၊ အလယ်အမေရိကနဲ့ ကာရေဘီယံဒေသတို့ကို ကိုယ်စားပြုတဲ့ CONCACAF တို့နဲ့အတူ ပူးပေါင်းခဲ့ဖူးပါတယ်။
ဒါပေမဲ့ CONCACAF အတွင်း သဘောထားကွဲလွဲမှုတွေနဲ့ AFC ရဲ့ ရပ်တည်ချက် ပြောင်းလဲမှုတွေကြောင့် ဖီဖာဥက္ကဋ္ဌနေရာအတွက် အခြားအလားအလာရှိတဲ့ ပြိုင်ဘက်မရှိခြင်းကို ပေါ်လွင်လာစေသလို ဥရောပကိုလည်း ပိုပြီး အထီးကျန်သွားစေပါတယ်။
အင်ဖန်တီနိုက ၂၀၃၁ ခုနှစ်အထိ ရှိမယ့် စတုတ္ထမြောက် သက်တမ်းအတွက် တာဝန်ထမ်းဆောင်ဖို့ ကြိုးပမ်းနေပြီး သူနဲ့ယှဉ်ပြိုင်လိုတဲ့ ကိုယ်စားလှယ်လောင်းတွေကတော့ လာမယ့် နိုဝင်ဘာ ၁၈ ရက်အထိ အမည်စာရင်းတင်သွင်းနိုင်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်၊ ဇူးရစ်မြို့ ဖီဖာကောင်စီအစည်းအဝေးမှာ FFE အစီအစဉ်နဲ့ပတ်သက်လို့ သူ့ရဲ့ကိုင်တွယ်ပုံအပေါ် အင်ဖန်တီနို တောင်းပန်ခဲ့ပေမဲ့ ဒါက ဂျာမနီနဲ့ အင်္ဂလန်တို့လို ဥရောပကိုယ်စားပြု ဘောလုံးအဖွဲ့ချုပ်တွေရဲ့သဘောထားအမြင် ပြောင်းလဲသွားအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။
ဒါပေမဲ့ အသက် ၅၆ နှစ်အရွယ် ဆွစ်-အီတာလျံလူမျိုး ဘောလုံးလောကအကြီးအကဲက "သဘောထားကွဲလွဲမှုက ပြဿနာမရှိပါဘူး... ဒါပေမဲ့ အဲဒီနောက်မှာ ကျွန်တော်တို့ ရှေ့ဆက်သွားနိုင်ဖို့ လိုပါတယ်" လို့ ထပ်လောင်းပြောဆိုခဲ့ပါတယ်။
အင်ဖန်တီနိုက "မတူညီတဲ့အမြင်တွေ ရှိနေပါတယ်။ အဲဒါအားလုံးကို တစ်မိုးအောက် ရောက်လာအောင် စုစည်းဖို့ဆိုတာ အမြဲမလွယ်ကူပေမဲ့ ကျွန်တော်တို့ လေးစားဖို့ လိုအပ်သလို အမြင်အားလုံး၊ သဘောထားအားလုံးကို ကျွန်တော်ကိုယ်တိုင်လည်း လေးစားပါတယ်"
"အဲဒီနောက်မှာတော့ ဘယ်သူ့ကို ဥက္ကဋ္ဌအဖြစ် လိုချင်သလဲ၊ ဖီဖာကို ဘယ်လိုမျိုး လည်ပတ်စေချင်သလဲဆိုတာကို ဆုံးဖြတ်ဖို့ဆိုတာ ဖီဖာအဖွဲ့ဝင်အားလုံးအပေါ်မှာပဲ မူတည်ပါလိမ့်မယ်" လို့ ပြောပါတယ်။