The network connection is lost.

Banner Image

အပိုင်ကန်သွင်းခွင့်တွေ ဖြုန်းတီးနေမှုအပေါ် အသင်းဖော်တွေကို သတိပေးလိုက်တဲ့ ဟယ်ရီကိန်း

ဟယ်ရီကိန်းက သူ့ရဲ့လတ်တလောရုန်းကန်နေရမှုအကြောင်း ထုတ်ဖော်ပြောကြားလိုက်ပြီး ဘိုင်ယန်မြူးနစ်အသင်းဖော်တွေကိုလည်း ပိုပြီးတည်တည်ငြိမ်ငြိမ်နဲ့ အကျိုးရှိရှိကစားသွားကြဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်က အင်တာမီလန်၊ ဒေါ့မွန်တို့နဲ့ရင်ဆိုင်ရတဲ့ အရေးကြီးပွဲစဉ်နှစ်ခုမှာ နိုင်ပွဲပျောက်ခဲ့သလို ဘွန်ဒက်စ်လီဂါထိပ်တန်းဂိုးသွင်းရှင်ဟယ်ရီကိန်းကိုယ်တိုင်လည်း ရုတ်ချည်းဆိုသလို ခြေစွမ်းထိုးကျသွားခဲ့ပါတယ်။အင်္ဂလိပ်တိုက်စစ်မှူးဟာ လွန်ခဲ့တဲ့သီတင်းပတ်၊ ဒေါ့မွန်နဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်အတွင်း ဂိုးပေါက်ပျောက်ဆုံးခဲ့လို့ ဂျာမန်မီဒီယာတွေရဲ့ဝေဖန်မှုကိုတောင် ခံခဲ့ရပါတယ်။

ဟယ်ရီကိန်းက ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့မှာလည်း အပိုင်ကန်သွင်းခွင့်တစ်ကြိမ်ကို ဖြုန်းတီးပစ်ခဲ့ပါတယ်။ သူတို့အသင်းရဲ့အပိုင်ကန်သွင်းခွင့်ဖြုန်းတီးမှုတွေကြောင့် စီးရီးအေထိပ်သီးအင်တာကို အိမ်ကွင်းမှာ ၁-၂ ဂိုးဖြင့်ရှုံးနိမ့်ကာ ပေးဆပ်မှုကြီးမားခဲ့ပါတယ်။ ဒုတိယအကျော့မတိုင်ခင်မှာတော့ အင်္ဂလန်ကပ္ပတိန်က အသင်းဖော်တွေဆီ မီလန်မြေမှာ ပိုပြီးတည်တည်ငြိမ်ငြိမ်ထိထိရောက်ရောက်ကစားကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း အသက်-၃၁ နှစ်အရွယ်ကစားသမားက “ ဘယ်လိုပဲဖြစ်ဖြစ် ပွဲစဉ်တွေအပြီးမှာ ကျွန်တော် အိပ်လို့တောင် မရခဲ့ပါဘူး။ ကျွန်တော်ကိုယ်တိုင် အခွင့်အရေးတွေ လွဲချော်တယ်ဆိုရင် ပိုတောင်ဆိုးပါတယ်။ ပွဲစဉ်အပြီးမှာ ကျွန်တော်က အခွင့်အရေးတွေမရရှိမှာကို စိုးရိမ်မိသလို အခွင့်အရေးတွေလွဲချော်သွားမှာကိုလည်း စိုးရိမိတယ်လို့ ပြောခဲ့ပါတယ်။ ဒါက ကျွန်တော်ကိုယ်တိုင် နေရာမှန်မှာမရှိနေဘူးလို့ အဓိပ္ပါယ်ရပါတယ်။ ဒီလိုအခွင့်အရေးတွေကို ဂိုးအဖြစ်ပြောင်းလဲနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ်လည်း မျှော်လင့်မိပါတယ်။ ပထမအကျော့တုန်းကတော့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ပါဘူး။ ဒါ ဘောလုံးအားကစားဖြစ်ပါတယ်။ ဒီလိုအခွင့်အရေးကောင်းတွေမှတဆင့် ကျွန်တော်တို့တွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပေးအပ်သင့်တယ်လို့ ထင်ပါတယ်။ ပိုပြီးထိထိရောက်ရောက်အကျိုးရှိရှိကစားနိုင်ဖို့ မျှော်လင့်မိပါတယ်။ အခုလိုအခြေအနေမျိုးမှာ ကျွန်တော်တို့တွေ ပိုကောင်းအောင်လုပ်နိုင်တယ်ဆိုတာ ကျွန်တော်တို့ကိုယ်တိုင်လည်း သိထားကြပါတယ်။ အခုညပိုင်းမှာတော့ ပွဲကြီးပွဲကောင်းတစ်ခု ရှိနေပါပြီ”လို့ ပြောပါတယ်။

ဘိုင်ယန်မြူးနစ်က အင်တာမီလန်နဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်အပြီး လာမယ့်ဧပြီ ၁၉ ရက်မှာ ဟိုင်ဒင်ဟိမ်းနဲ့ ဘွန်ဒက်စ်လီဂါအဝေးကွင်းပွဲစဉ်ကို ယှဉ်ပြိုင်သွားရပါမယ်။