The network connection is lost.

Banner Image

လူတန်တောင်းကို အနိုင်ယူခဲ့တဲ့ ပွဲစဉ်အတွင်း လက်ဖျားခါလောက်စရာ ကစားသမားလေးဦးကို ချီးကျူးလိုက်တဲ့ ယာဂန်ကလော့ပ်

ဒီနေ့မနက်ပိုင်း၊ လူတန်တောင်းကို ၄-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ Comeback နိုင်ပွဲအတွင်း ဒီယက်ဇ်၊ ဂတ်ပို၊ ဂရာဗန်ဘတ်ချ်နဲ့ ဂိုးသမား ကလယ်ဟာတို့ရဲ့ စွမ်းဆောင်ရည်အပေါ် လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ချီးကျူးပြောဆိုလိုက်ပါတယ်။
 
အခုပွဲစဉ်ရဲ့ ပွဲအစ ၁၂ မိနစ်မှာပဲ ဧည့်သည်တွေ အတွက် အော့ဂျ်ဘီနီက ဦးဆောင်ဂိုး သွင်းယူပေးခဲ့လို့ အန်ဖီးလ်မှာ ထူးခြားတဲ့ညတစ်ခု ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်နိုင်ခဲ့ပါဘူး။ ပထမပိုင်း ပွဲချိန်ပြီးဆုံးတဲ့အထိ ရလဒ်ပိုင်းအပြောင်းအလဲ မရှိခဲ့တာကြောင့် အိမ်ကွင်းပရိသတ်တွေကိုယ်တိုင် အနည်းငယ်တုန်လှုပ်သွားခဲ့ပြီးနောက် ပွဲစဉ်က အံ့မခန်းဖြစ်လာခဲ့ပါတယ်။
 
ပွဲချိန် ၅၆ မိနစ်မှာတော့ ဗန်ဒိုက်က လီဗာပူး အတွက် ချေပဂိုးကို ခေါင်းတိုက်သွင်းယူပေးပြီး ဆက်တိုက်ဆိုသလိုပဲ ဂတ်ပိုကလည်း အိမ်ရှင်အတွက် ဦးဆောင်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။ ဒါ့အပြင် နောက်ပိုင်းပွဲချိန်တွေမှာ ဒီယက်ဇ်၊ အယ်လီယော့တို့က လီဗာပူးအတွက် အနိုင်သေချာစေမယ့် သွင်းဂိုးတွေကို ရှာဖွေပေးခဲ့ပြန်ပါတယ်။
 
ပွဲအပြီးမှာတော့ ရွှင်မြူးတက်ကြွနေတဲ့ ယာဂန်ကလော့ပ်က ကွင်းတွင်းမှာရှိတဲ့ ပရိသတ်တွေနဲ့အတူ သူ့ရဲ့ပုံစံအတိုင်း အောင်ပွဲခံခဲ့ပြီး သူမျက်စိကျခဲ့တဲ့ လီဗာပူးကစားသမား လေးဦးနဲ့အတူ အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းအပေါ် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
 
BBC Sports နဲ့တွေ့ဆုံချိန် ကလော့ပ်က “ဒီယက်ဇ် ဂိုးသွင်းနိုင်ခဲ့သလို ဂတ်ပို၊ ဂရာဗန်ဘတ်ချ်တို့လည်း အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ သူတို့အားလုံး ထူးခြားပြောင်မြောက်အောင် ကစားနိုင်ခဲ့ပါတယ်။ ကလယ်ဟာဆိုရင်လည်း အလွတ်တည်ကန်ဘောမှတဆင့် ရောက်ရှိလာတဲ့ ဘောလုံးကို အမိအရဖမ်းယူနိုင်ဖို့ ပြိုင်ဘက်ကစားသမား ရှစ်ဦး၊ ကိုးဦးလောက်နဲ့ ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ရပါတယ်။ ဒါပေမယ့် ယေဘုယျအားဖြင့်တော့ ဒီကွင်းကြီးမှာရှိတဲ့ ပရိသတ်တွေနဲ့ ဒီအသင်းကပဲ အခုပွဲစဉ်ကို အတူတကွ အပြောင်းအလဲလုပ်ခဲ့ပါတယ်။ ဒါက ထူးခြားလွန်းပါတယ်”လို့ ပြောပါတယ်။
 
လတ်တလောသီတင်းပတ်တွေအတွင်း များပြားလွန်းနေတဲ့ ဒဏ်ရာရကစားသမား စာရင်းကြောင့် ကလော့ပ်အနေဖြင့် သူ့ရဲ့လူစာရင်းမှာ နေရာပေးဖို့ အကယ်ဒမီထုတ်ကုန်ကစားသမားတွေကို ရှာဖွေခဲ့ပြီး လူတန်နဲ့ပွဲစဉ်မှာလည်း အလားတူပုံစံမျိုး ဖြစ်ခဲ့ပါတယ်။ အခုပွဲစဉ်မှာ ဘော်ဘီကလက်ခ်၊ ဂျေဒန်ဒန်းစ်နဲ့ မက်ကွန်နယ်လ်တို့က အရန်ခုံမှတဆင့် ပါဝင်ကစားခွင့် ရရှိခဲ့ပြီး ကလော့ပ်ကိုယ်တိုင်လည်း သဘောကျနှစ်သက်နေခဲ့ပါတယ်။
 
“ကောင်လေးတွေက အဆင်သင့်ဖြစ်နေပြီး သူတို့ကိုယ်တိုင် အဆင်သင့်မဖြစ်ဘူးဆိုရင် ကျွန်တော်လည်း အသုံးပြုမှာမဟုတ်ပါဘူး။ ဘော်ဘီကလက်ခ် အဆင်သင့်မဖြစ်ဘူးဆိုရင် ကျွန်တော် သူ့ကို မထည့်ပါဘူး။ ပွဲရလဒ်ကလည်း ပြတ်ပြတ်သားသားဖြစ်နေလို့ ကျွန်တော်တို့တွေ လူငယ်ကစားသမားလေးတွေကို ယုံကြည်မှုအပြည့်နဲ့ ထည့်သွင်းကစားခဲ့ပါတယ်”လို့ ကလော့ပ်က ဆက်ပြောပါတယ်။
 
ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို လီဗာပူးတို့ လေးမှတ်ဖြတ်ဦးဆောင်နိုင်စေတဲ့ နိုင်ပွဲအပေါ် အကဲဖြတ်ရာမှာ ကလော့ပ်က “ထူးခြားတဲ့ ပွဲစဉ်တစ်ခုပါ။ ပထမပိုင်းပွဲချိန်ကိုလည်း ကျွန်တော် ကြိုက်ပေမယ့် ကောင်လေးတွေနဲ့ ပရိသတ်ကြီးကတော့ သိပ်မကြိုက်ဘူးလို့ မြင်မိပါတယ်။ ကျွန်တော်တို့အသင်းရဲ့ ပွဲစတင်မှုက အဆင်ပြေခဲ့ပြီး ပြိုင်ဘက်နဲ့ အကျွမ်းတဝင်ရှိအောင် လုပ်ဆောင်ဖို့ လိုအပ်ခဲ့ပါတယ်။ ဒီနောက်မှာ ပြိုင်ဘက်က ဦးဆောင်ဂိုးသွင်းယူခဲ့ပေမယ့် ကျွန်တော်တို့ရဲ့တုံ့ပြန်ပုံတွေမှာ ပြိုင်ဘက်ခံစစ်ဧရိယာထဲမဝင်ခင်အထိ ကောင်းမွန်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ကျွန်တော်တို့တွေ အလောတကြီးဖြစ်လာခဲ့ပါတယ်။ ဒီပွဲက ထိပ်တန်းပွဲစဉ်တစ်ခုဖြစ်ခဲ့တယ်ဆိုတာနဲ့ အရေးကြီးတဲ့အခိုက်အတန့်တွေမှာ တည်ငြိမ်နေဖို့ လိုအပ်တယ်ဆိုတာ ကောင်လေးတွေကို ကျွန်တော်ပြောပြခဲ့ပါတယ်။ ဒီနောက်မှာတော့ အလွန်ကောင်းမွန်တဲ့ သွင်းဂိုးတွေနဲ့ အံ့ဖွယ်ညချမ်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ တကယ်ကို ကောင်းလွန်းပါတယ်”လို့ ဆိုပါတယ်။