The network connection is lost.

Banner Image

ညီဖြစ်သူ ဂျို့ဘ်ဘယ်လင်ဟမ်ရဲ့ဂိုးက သူ့အတွက်ဂိုးသွင်းဖို့ တွန်းအားဖြစ်စေခဲ့တယ်လို့ဆိုလာတဲ့ ဘယ်လင်ဟမ်

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကြယ်ပွင့် ဂျုဒ်ဘယ်လင်ဟမ်က ဒေါ့မွန်အတွက်ဂိုးသွင်းယူခဲ့တဲ့ ညီဖြစ်သူ ဂျို့ဘ်ဘယ်လင်ဟမ်ရဲ့သွင်းဂိုးဟာ သူ့အတွက်ဂိုးသွင်းဖို့ တွန်းအားဖြစ်စေခဲ့တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 

ဘယ်လင်ဟမ်ဟာ ပါချုကာကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အတွက်အဖွင့်ဂိုးကို ပွဲကစားချိန် ၃၅ မိနစ်မှာသွင်းယူပေးခဲ့ပါတယ်။ အဆိုပါပွဲစဉ်မတိုင်မီ တစ်ရက်အလိုမှာ ဒေါ့မွန်ဟာ တောင်အာဖရိကကလပ် ဆန်းဒေါင်းနဲ့ကစားခဲ့ရပြီး ဂျို့ဘ်ဘယ်လင်ဟမ်က အသင်းအတွက် ပထမဆုံးပွဲဦးထွက်မှာပဲ ဂိုးသွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ 

ယခုအခါမှာတော့ ဂျုဒ်ဘယ်လင်ဟမ်က ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ညီအစ်ကိုနှစ်ယောက်အကြား ဂိုးသွင်းပြိုင်ပွဲတွေဖြစ်လာတော့မယ်လို့ ဟာသလုပ်ပြီးပြောကြားလာခဲ့ပါတယ်။ အင်္ဂလန်သားက "ကျွန်တော့်ညီက ကျွန်တော့်ထက်ပိုကောင်းတယ်ဆိုပြီး အသင်းမှာပြောနေကြတာပါ။ ဒါကြောင့် ဒီနေ့မှာ‌တော့ ကျွန်တော်တစ်ခုခုလုပ်ပြမှဖြစ်တော့မယ်ဆိုပြီး ဂိုးရအောင်သွင်းခဲ့တာပါ။ အခု သူတစ်ဂိုး ကျွန်တော်တစ်ဂိုးရှိသွားပြီဆိုတော့ ပြိုင်ပွဲအပြီးမှာ ဘယ်သူကပိုများမလဲ စောင့်ကြည့်ကြတာပေါ့" လို့ပြောကြားခဲ့ပါတယ်။ 

လက်ရှိအခြေအနေအရ ပြိုင်ပွဲအတွင်း ဒေါ့မွန်နဲ့ ရီးရဲလ်မက်ဒရစ်တို့ ဆုံတွေ့သွားနိုင်တဲ့ အလားအလာရှိနေတာကြောင့် ညီအစ်ကိုနှစ်ယောက်ဟာ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ရဖို့ အခွင့်အရေးရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ်က ၂ ပွဲကစားအပြီး ရမှတ် ၄ မှတ်ရထားသလို၊ ဒေါ့မွန်ကလည်း ၄ မှတ်ရထားတာကြောင့် နောက်တစ်ဆင့်သို့တက်ရောက်နိုင်ဖို့ ၂ သင်းစလုံး အခြေအနေကောင်းနေပါတယ်။ 
ပါချူကာနဲ့ပွဲမှာ ရီးရဲလ်မက်ဒရစ်ဟာ အဆန်စီရို တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရတာကြောင့် တစ်ယောက်လျော့နဲ့ကစားခဲ့ရပေမယ့် ဘယ်လင်ဟမ်၊ အာဒါဂူလာ၊ ဗယ်လ်ဗာဒီတို့ရဲ့သွင်းဂိုးတွေနဲ့ အနိုင်ရလဒ်ကိုပုံဖော်နိုင်ခဲ့ပါတယ်။ 

လာမယ့်စနေနေ့မှာတော့ ဇာဘီအလွန်ဆိုရဲ့အသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဆဲလ်ဘတ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။  တစ်ဖက်က ဒေါ့မွန်ကလည်း ပွဲဦးထွက်မှာ ဖလူမီနန့်စ်နဲ့သရေကျခဲ့ပေမယ့် ဆန်းဒေါင်းစ်ကို ၄-၃ နဲ့အနိုင်ရထားခဲ့ပါတယ်။ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်မှာတော့ ဒေါ့မွန်ဟာ တောင်ကိုရီးယားကလပ် အူလ်ဆန်နဲ့ယှဉ်ပြိုင်သွားရပါမယ်။