ဇက်ခ်ဇီကိုခေါ်ယူဖို့အခွင့်အရေးကို ငြင်းဆန်ခြင်းမရှိတဲ့ ဂျူဗင်တပ်စ်ဒါရိုက်တာ ဂီအန်တိုလီ
ဂျူဗင်တပ်စ်စီမံခန့်ခွဲရေးဒါရိုက်တာ ခရစ္စတီယာနိုဂီအန်တိုလီက ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ဂျိုရှူးဝါးဇက်ခ်ဇီကိုခေါ်ယူနိုင်ဖို့ အခွင့်အရေးနဲ့ပတ်သက်ပြီး ငြင်းဆန်မှုတွေပြုလုပ်ထားခြင်မရှိပါဘူး။
ပြီးခဲ့တဲ့နွေရာသီမှာ ဘိုလော့ဂ်နာမှ အိုးလ်ထရက်ဖို့ဒ်သို့ ပေါင် ၃၆ သန်းနဲ့ရောက်ရှိလာခဲ့တဲ့ ဇက်ခ်ဇီဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၂၇ ပွဲပါဝင်ကစားထားရာမှာ ၄ ဂိုးသာသွင်းယူထားနိုင်ပြီး ပုံစံကောင်းရဖို့ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ ကစားသမားဟာ နယူးကာဆယ်ကို ၀-၂ နဲ့ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း ပထမပိုင်းအတွင်းမှာပဲ စောစောစီးစီးလူစားလဲခံခဲ့ရတာကြောင့် ယူနိုက်တက်မှာနေထိုင်ရတာကို စိတ်ပျက်နေပုံလည်းရပါတယ်။
ယူနိုက်တက်အနေနဲ့ အသက်-၂၃ နှစ်အရွယ်ကစားသမားကို အသင်းရဲ့တိုက်စစ်ကြယ်ပွင့်တွေဖြစ်တဲ့ ရက်စ်မွတ်စ်ဟွိုက်လန်း၊ အာမက်ဒီယာလို၊ အလီဂျန်ဒရိုဂါနာချို၊ မားကပ်စ်ရက်ရှ်ဖို့ဒ်တို့နဲ့ ချိတ်ဆက်ပေးနိုင်ဖို့ကြိုးစားခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အလုပ်ကောင်းကောင်းမဖြစ်သေးပါဘူး။ နယ်သာလန်လက်ရွေးစင်ဟာ ရာသီအဖွင့် ဖူလ်ဟမ်ကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ယူနိုက်တက်အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အကျိုးသက်ရောက်မှုပြုလုပ်နိုင်ဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။
ဒါကြောင့် ဇက်ခ်ဇီအနေနဲ့ သူအောင်မြင်ခဲ့တဲ့ အီတလီမြေသို့ပြန်သွားဖို့ ဆန္ဒရှိနေနိုင်ပြီး တိုက်စစ်ပိုင်းဂိုးရဖို့ရုန်းကန်နေရတဲ့ ဂျူဗင်တပ်စ်ကလည်း ကစားသမားကို အသင်းအတွက် အသုံးချလိုနေတာဖြစ်ပါတယ်။ ဇက်ခ်ဇီရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဂျူဗင်တပ်စ်အကြီးအကဲ ဂီအန်တိုလီကို မေးမြန်းမှုပြုလုပ်ခဲ့ရာမှာ သူက “ဇက်ခ်ဇီလား။ အခုလိုနာမည်ထုတ်ပြောဖို့က မသင့်တော်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကစားသမားသစ်ခေါ်ယူဖို့ အခွင့်အရေးတွေကို အာရုံစိုက်နေပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ဇက်ခ်ဇီရဲ့ အနာဂတ်ဟာ ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာမူတည်နေပြီး ပေါ်တူဂီသားဟာ ရက်ရှ်ဖို့ဒ်ကို အသင်းရဲ့လူစာရင်းကနေ ကာလရှည်ထုတ်ပယ်ထားခဲ့သလို၊ ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲမှာ ဇက်ခ်ဇီကို စောစောစီးစီးပဲလူစားလဲခဲ့တာဖြစ်ပါတယ်။ နယ်သာလန်သားအနေနဲ့ အိုးလ်ထရက်ဖို့ဒ်ကနေ မကြာမီမှာပဲ ထွက်ခွာသွားမလား စောင့်ကြည့်သွားရဦးမှာဖြစ်ပြီး လာမယ့်တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ ခက်ခဲတဲ့ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လီဗာပူးကို အန်ဖီးလ်မှာသွားရောက်ရင်ဆိုင်ရပါမယ်။