The network connection is lost.

Banner Image

ဒူဘိုင်းကို သွားရောက်ခဲ့တာက အာဆင်နယ်ကိုပြန်လည် အသက်ဝင်လာစေခဲ့တယ်လို့ ဂျော်ဂျင်ဟို အရိပ်အမြွက်ပြောကြား

အာဆင်နယ်ဟာ ၂၀၂၃ တုန်းက စွမ်းဆောင်ရည်ကျဆင်းခဲ့ပြီး နောက်ဆုံးပရီးမီးယားလိဂ် ၃ ပွဲကို အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၃ တုန်းက လီဗာပူးအသင်းကို သရေကျခဲ့ပြီးနောက် အာဆင်နယ်ဟာ ဝက်စ်ဟမ်းနဲ့ ဖူလ်ဟမ်တို့ကို ၂ ပွဲဆက်အရေးနိမ့်ခဲ့ပါတယ်။
 
နှစ်သစ်မှာတော့ အာဆင်နယ်ဟာ ဒူဘိုင်းကို သွားရောက်လေ့ကျင့်ခန်းဆင်းခဲ့ပြီး အဲ့ကတည်းက စွမ်းဆောင်ရည်ကောင်းတွေ ဆက်တိုက်ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ၂၀၂၄ မှာ ပရီးမီးယားလိဂ် ၆ ပွဲဆက်အနိုင်ရရှိထားခဲ့ပြီး ၂၅ ဂိုး အထိလည်း သွင်းယူထားနိုင်ခဲ့ပါတယ်။
 
နယူးကာဆယ်ကို ၄-၁ နဲ့အနိုင်ရခဲ့ပြီးနောက် ဂျော်ဂျင်ဟိုက အခုလိုမျိုး ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “အဲ့တာက လျှို့ဝှက်ချက်ပါ။ နောက်တာပါ။ ကျွန်တော်တို့ အလုပ်ဆက်ပြီး ကြိုးစားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အဆုံးသတ်မှာ ကျွန်တော်တို့ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဖန်တီးနိုင်ခဲ့တာတွေကို အဆုံးမသတ်နိုင်ခဲ့ပါဘူး။ အဲ့နောက် တစ်စုံတစ်ခုလုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့ အချင်းချင်းကြားမှာ ချိတ်ဆက်မှုလုပ်ဆောင်ခဲ့သလို ဝန်ထမ်းတွေနဲ့ ပရိသတ်တွေကြားမှာလည်း ချိတ်ဆက်မှုလုပ်ဆောင်ခဲ့ပါတယ်။ အတူတူဒီလိုပြောင်းလဲနိုင်ခဲ့တာက တကယ်ကောင်းတဲ့ခံစားချက်ပါ။ အမ်းမရိတ်ကွင်းတွင်း အားပေးမှုက တကယ့်ကိုကျေနပ်စရာပါ။ ကျွန်တော်တို့ ဒီကွင်းမှာ အကောင်းဆုံးတွေပဲ ပေးချင်ပါတယ်။ အလုပ်ကြိုးစားပြီး အတူတူ ဒီခရီးကိုဆက်လျှောက်ကြပါမယ်”လို့ ဂျော်ဂျင်ဟိုက ပြောကြားခဲ့ပါတယ်။
 
အသက် ၃၂ နှစ်သားဟာ ပြီးခဲ့တဲ့နှစ်တုန်းက ချဲလ်ဆီးထံကနေ အာဆင်နယ်ထံ ပြောင်းလာခဲ့တာဖြစ်ပြီး လီဗာပူးကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အရေးပါတဲ့နေရာကနေ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ နာပိုလီကစားသမားဟောင်းဟာ ဒီရာသီ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၂၅ ပွဲအထိ ပါဝင်ကစားပေးထားပြီး ၁ ဂိုးသွင်း ၊ ၁ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။
 
အာတီတာရဲ့အာဆင်နယ်အသင်းဟာ လာမယ့်မတ်လ ၄ ရက်နေ့မှာ ရှက်ဖီးလ်ယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။