The network connection is lost.

Banner Image

လီဗာပူးဆီပြောင်းရွှေ့ဖို့ အန်ဂူမိုဟာဆုံးဖြတ်ခဲ့မှုအတွက် ကြေကွဲနေတဲ့ ချဲလ်ဆီးဂန္တဝင်ဂျွန်တယ်ရီ

ချဲလ်ဆီးမှ လီဗာပူးဆီပြောင်းရွှေ့သွားတဲ့ အန်ဂူမိုဟာရဲ့အတိတ်ကာလဆုံးဖြတ်ချက်ကြောင့် စိတ်ပျက်ဝမ်းနည်းမိတယ်လို့ ဂျွန်တယ်ရီက အတိအလင်းဝန်ခံပြောဆိုခဲ့ပါတယ်။

အန်ဂူမိုဟာက အသက်ရှစ်နှစ်အရွယ်မှာပဲ ချဲလ်ဆီးအကယ်ဒမီဆီ ရောက်ရှိလာခဲ့ပြီး အပြာရောင်တပ်ဖွဲ့နဲ့အတူ ၂၀၂၄ ခုနှစ်အထိ ရှိနေခဲ့ပါတယ်။ ဒီနောက်မှာတော့ သူက စတမ်းဖို့ဒ်ဘရစ်ချ်မှ ထွက်ခွာကာ အန်ဖီးလ်ဆီပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့ကြောင့် ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေ အလွန်အမင်းစိတ်ဆိုးဒေါသထွက်ခဲ့ပြီး လီဗာပူးအသင်းကင်းထောက်တွေကို ကော့ဘ်ဟမ်းမှာရှိတဲ့ အသင်းအကယ်ဒမီဆီလာရောက်ခွင့်မပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အန်ဂူမိုဟာက ပရော်ဖက်ရှင်နယ်ကစားသမားဘဝ၊ ပထမဆုံးပွဲစဉ်ကို ဒီနှစ်အစောပိုင်း၊ အက်ကရင်တန်အပေါ် အနိုင်ယူခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ စတင်ခဲ့ပြီး အခုနွေရာသီ၊ ဘောလုံးရာသီကြိုကာလမှာလည်း အထင်ကြီးလောက်စရာစွမ်းဆောင်ရည်မျိုး ပြသခဲ့ပါတယ်။ ဒါကြောင့် သူက တနင်္လာညပိုင်း၊ စိန့်ဂျိမ်းစ်ပတ်ခ်မှာ နယူးကာဆယ်နဲ့ရင်ဆိုင်ရတဲ့ပရီးမီးယားလိဂ်ပွဲစဉ်အတွက် လီဗာပူးအသင်းလူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ သူက ပွဲချိန် ၁၀၀ မိနစ်မှာ အန်းစလော့ရဲ့အသင်းအတွက် အောင်ပွဲရရှိစေမယ့် အဖိုးတန်ဂိုးကို သွင်းယူခဲ့ပါတယ်။ အခုအချိန်မှာတော့ ဂျွန်တယ်ရီက ချဲလ်ဆီးအကယ်ဒမီမှ အန်ဂူမိုဟာထွက်ခွာမှုကြောင့် နာကျင်ခံစားရတယ်လို့ အတိအလင်းဝန်ခံပြောဆိုခဲ့ပါတယ်။

The Sun သတင်းဌာနနဲ့တွေ့ဆုံချိန် ဂျွန်တယ်ရီက “ အန်ဂူမိုဟာက စီနီယာအသင်းကြီးအတွက် ကစားပေးချင်တဲ့ ရည်မှန်းချက်ကြီးမားသူ ကောင်လေးတစ်ဦး ဖြစ်ပါတယ်။ သူကိုယ်တိုင်ကလည်း လီဗာပူးစီနီယာအသင်းဆီရောက်ရှိမယ့် သူရဲ့လမ်းကြောင်းအပေါ် ယုံကြည်နေခဲ့ပါတယ်။ အခုအချိန်အထိ သူနဲ့ ကျွန်တော် အဆက်အသွယ်ရှိနေတုန်းပါပဲ။ ဒါပေမဲ့ သူက ထူးချွန်ထက်မြက်တဲ့ကစားသမားကောင်းတစ်ဦးပါ။

ကျွန်တော်တို့မှာ အရမ်းကောင်းမွန်တဲ့ ယူ-၁၄ အသင်းတစ်ခု ရှိခဲ့ပြီး ဒီအသင်းမှာဆိုရင် အန်ဂူမိုဟာက အဓိကအစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်။ သူ့လိုစိတ်လှုပ်ရှားစရာကောင်းတဲ့ကစားသမားတွေ အများကြီးမတွေ့ရပါဘူး။ ဘောလုံးအကယ်ဒမီတစ်ခုမှာ နှစ်ပေါင်းများစွာအတွင်း ဆုံးရှုံးလိုက်ရတဲ့ ကစားသမားတွေ အများကြီးရှိခဲ့ဖူးသလို ရှိလည်းရှိလာဦးမှာပါ။ ဒါပေမဲ့ ဒီတစ်ကြိမ်ဆုံးရှုံးမှုကိုတော့ ကျွန်တော် နည်းနည်းစိတ်ပျက်မိပါတယ်။

သူ့ဆီမှာ ကောင်းမွန်တဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ ကောင်းမွန်တဲ့ဘောလုံးစွမ်းဆောင်ရည်တွေ ရှိပြီး မိမိကိုယ့်ကိုယ်ယုံကြည်မှုအရမ်းမြင့်မားတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ အီဒင်ဟာဇက်၊ ဂျိုကိုးလ်တို့လိုပဲ ဒီလိုကစားသမားမျိုးတွေက မိမိကိုယ်ကိုယ်ယုံကြည်မှုရှိပြီး ပရိသတ်တွေကိုလည်း စွဲဆောင်နိုင်ပါတယ်။ ပြီးခဲ့တဲ့လေးငါးနှစ်အတွင်း ဘောလုံးပွဲစဉ်တွေက အနည်းငယ်ရိုးအီလာပြီး နည်းစနစ်ပိုင်းကိုပဲ အလွန်အကျွံမှီခိုလာတယ်လို့ ယူဆမိပါတယ်”လို့ ပြောပါတယ်။

အန်ဂူမိုဟာကတော့ နယူးကာဆယ်မှာ ဟီရိုးတစ်ဦးဖြစ်လာပြီးနောက် လီဗာပူးစီနီယာအသင်းနဲ့အတူ ပွဲကစားချိန်ပိုမိုရရှိဖို့ မျှော်လင့်နေပါလိမ့်မယ်။ ဒါပေမဲ့ လီဗာပူးအတွက် လာမယ့်ပွဲစဉ်က ပွဲကြီးပွဲကောင်းတစ်ခုပါ။ ကြိုးကြာနီတွေက လာမယ့်တနင်္ဂနွေနေ့၊ အန်ဖီးလ်ကွင်းမှာ အမှတ်ပေးချန်ပီယံဆုပြိုင်ဘက်ဖြစ်လာနိုင်တဲ့ အာဆင်နယ်ကို ဧည့်ခံကစားရပါမယ်။